သရက်ကုန်း စစ်ကောင်စီ စခန်းကို မန္တလေး PDF သိမ်းပိုက်၊ လက်နက်များ သိမ်းဆည်းရမိ

ပုံအညွှန်း- မန္တလေး PDF သိမ်းပိုက်နိုင်ခဲ့သည့် သရက်ကုန်း စစ်ကောင်စီစခန်းမှ သိမ်းဆည်းရမိသည့် လက်နက်များ

008 မဇ္ဈိမ။ ။ ရှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့နယ်၊သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်များလည်း သိမ်းဆည်းရမိကြောင်း ယနေ့( ဧပြီ ၁၆ရက်) တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မန္တလေး PDF )က သတင်းထုတ်ပြန်သည်။

သရက်ကုန်းစစ်ကောင်စီစခန်းကို ဧပြီ ၁၅ရက်၊ နံနက် ၅ နာရီ ၃၀ မိနစ်မှ စ၍ ထိုးစစ်ဆင်တိုက်ခိုက်ရာ ညနေ ၄နာရီ ၄၅မိနစ်တွင် အပြီးသတ် သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်း နှစ်ကြောင်းကိုလည်း ပိတ်ဆို့ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကျအဆုံး များစွာဖြင့် ဆုတ်ခွာသွားကြောင်း ထုတ်ပြန်ထားသည်။

သရက်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ငယ် ၄၀ ကျော် ၊ ၆၀မမ နှစ်လက် ၊ Drone Jammar တခု  ၊ ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီဘက်မှာ ၂၁ ဦးသေဆုံးပြီး မန္တလေး PDF ဘက်မှလည်း ပေးဆပ်မှု တချို့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်များသည် သာသနိက အဆောက်အအုံများနှင့် စာသင်ကျောင်းများတွင် တပ်စွဲလေ့ရှိကြောင်းတွေ့ရှိရပြီး သရက်ကုန်းကျေးရွာတွင်လည်း သာသနာ့နယ်မြေဖြစ်သော စေတီပေါ်နှင့် စာသင်ကျောင်းတွင် အခိုင်အမာ တပ်စွဲ ခံစစ်ပြင်ထားသည်ကို တွေ့ရှိရသည်ဟု မန္တလေး PDF ကဆိုသည်။

မန္တလေး PDF သည် ဧပြီလ ၁၄ ရက် ညပိုင်းတွင်လည်း ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီ၏ စစ်တက္ကသိုလ် ( DSA ) အပါအဝင် စစ်ကောင်စီရှိရာ ပစ်မှတ်များကို ရှော့တိုက် ဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး