မြိတ်မြို့သို့ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များလာမည်ဟုသတင်းထွက်နေပြီး လုံခြုံရေးတင်းကျပ်ရန် ပြင်ဆင်

မြိတ်မြို့သို့ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များလာမည်ဟုသတင်းထွက်နေပြီး လုံခြုံရေးတင်းကျပ်ရန် ပြင်ဆင်

ကိုရွှေမြိတ် မဇ္ဈိမ ။ ။တနင်္သာရီတိုင်း၊ မြိတ်မြို့သို့ စစ်ကောင်စီ၏ ထိပ်ပိုင်းအကြီးအကဲများလာမည်ဟု သတင်းများ ထွက်ပေါ်နေပြီး လုံခြုံရေး တင်းကျပ်ရန် ပြင်ဆင်နေသည်ဟု ဒေသခံများထံမှ သိရသည်။

“နေရာအတော်များများမှာ သံဆူးကြိုးတွေပါတဲ့ ဘယ်ရီဂိတ်တွေကို လိုက်ချနေတာ တွေ့ရတာပါ၊ ဘာ အတွက် လိုက်ချနေတယ်ဆိုတာ သေချာမသိရသေးဘူး”ဟု မြိတ်မြို့ ဒေသခံတဦးက ပြောသည်။

လက်ရှိတွင် ကန်ဖျားလမ်းဆုံ၊ ရွှေနှင်းဆီလမ်းဆုံ၊ ရွှေပြည်တန်လမ်းဆုံ၊ အဝေးပြေးကားဝင်းအသစ် လမ်း ထိပ်၊ မြို့သစ်မီးပွိုင့်လမ်းဆုံ၊ ရေပုန်းမီးပွိုင့်လမ်းဆုံ၊ ဂဏန်းရုပ်လမ်းဆုံ၊ အရှေ့သိမ်လမ်းဆုံနှင့် ကရာနီ လမ်းဆုံတို့တွင် လုံးခြုံရေးတင်းကျပ်မည့်ဂိတ်များ ပြုလုပ်ထားသည်ဟု ဒေသခံက ပြောသည်။

မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးအစောင့်ချမည့် ဂိတ်အသစ်များကို ပြုလုပ်နေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

မကြာမီရက်ပိုင်းအတွင်း မြိတ်မြို့တွင် စစ်ကောင်စီနှင့်နီးစပ်သူဟုသတင်းထွက်နေသည့် လုပ်ငန်းရှင်တဦး ၏သားဖြစ်သူ မင်္ဂလာပွဲပြုလုပ်ရန် ရှိသည်ဟုလည်း နောက်ထပ် သတင်းရင်းမြစ်က ပြောပြသည်။

“ဒီရက်ထဲမှာ ဗိုလ်ချုပ်ကြီးတွေလာမယ်လို့တော့ ကြားတယ်၊ မင်္ဂလာပွဲအတွက်လား အခြားကိစ္စလား ဆို တာ သေချာမသိသေးပေမယ့် လုံခြုံရေးကတော့ တင်းတင်းကျပ်ကျပ်ချထားဖို့ ရှိနေတယ်”ဟု တပ်တွင်း သတင်းရင်းမြစ်တဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် ပြည်သူများဆန္ဒပြမှုကြောင့် မြို့ပေါ်နေရာအချို့တွင်သာ လုံခြုံရေးတင်းကျပ်ရန် အတွက် ဂိတ်များချထားခြင်းရှိခဲ့ဖူးပြီး လက်ရှိတွင် စစ်ရေးပဋိပက္ခမရှိသည့် မြို့ပေါ်တွင် ဂိတ်အများ အပြားကို လိုက်လံချထားခြင်းဖြစ်သည်ဟု ဒေသခံကပြောသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ