မုံးကိုးဗျူဟာကုန်းကို MNDAA သိမ်းပိုက်ပြီးနောက် သံချပ်ကား ၁ စီး ထပ်မံရရှိ

မုံးကိုးဗျူဟာကုန်းကို MNDAA သိမ်းပိုက်ပြီးနောက် သံချပ်ကား ၁ စီး ထပ်မံရရှိ

မုံကိုးဗျူဟာကုန်းမှ ရရှိသည့် သံချပ်ကာကား (The Kokang)

ဂျူချန်း၊ ရွှေနွယ် (မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့အနောက်ဘက်ရှိ မုံးကိုးဗျူဟာကုန်းကို MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့မှ ယနေ့ နိုဝင်ဘာလ ၇ ရက် မွန်းလွဲပိုင်းက သိမ်းပိုက်ခဲ့ပြီးနောက် သံချပ်ကားတစီး ထပ်မံ ရရှိခဲ့ကြောင်း MNDAA ပြောခွင့်ရ လီကျားဝင်း (ခေါ်) ဦးကျော်နိုင်က မဇ္ဈိမကို ပြောသည်။

“မုံးကိုး ဗျူဟာကုန်းကိုတော့ ကျနော်တို့ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီ” ဟု ၎င်းက ပြောသည်။

အဆိုပါဗျူဟာကုန်းသည် စစ်ရေးအရအရေးပါသည့် ဗျူဟာကုန်းဖြစ်ပြီး နိုဝင်ဘာလ ၅ ရက်နေ့မှ စတင် ကာ MNDAA မှ ဦးဆောင်ပြီး ဒရုန်းတပ်ဖွဲ့အပါအဝင် မဟာမိတ်ပူးပေါင်းတပ်များမှ ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုဗျူဟာကုန်းစခန်းမှ သံချပ်ကားတစီးအပါအဝင် လက်နက်ခဲယမ်း အများ အပြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အချိန် နှစ်ရက်သုံးရက်လောက် ပေးလိုက်ရပါတယ်။ ဒီကနေ့ နေ့လည်ပိုင်းမှာ သိမ်းလိုက်တာပါ။ သံချပ် ကားတော့ စုစုပေါင်းခုနစ်စီးရှိပါပြီဗျ။ ပြန်သုံးလို့ရတဲ့ဟာရှိသလို သုံးလို့မရတဲ့ဟာလည်း ရှိပါတယ်။ သုံး လို့မရတဲ့ ဟာတွေကိုလည်း ကျနော်တို့ ပြန်သုံးလို့ရအောင်လည်း ကြိုးပမ်းနေပါတယ်ဗျ” ဟု MNDAA ပြောခွင့်ရ လီကျားဝင်းက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့ကလည်း မုံးကိုးဒေသရှိ စစ်ကောင်စီ၏ ပန်လုံဗျူဟာကုန်းကို ရက္ခိုင့် တပ်တော်(AA)မှဦးဆောင်ကာ ဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့သိမ်းပိုက်နိုင်ခဲ့ ကြောင်း Operation 1027 3BHA က နိုဝင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းဗျူဟာကုန်းနှစ်ခုသည် ခုနစ်ကီလိုမီတာခန့်ကွာဝေးပြီး အရေးပါသည့် စခန်းကုန်းများဖြစ်ကြောင်း လီကျားဝင်းက ပြောသည်။

ပန်လုံဗျူဟာကုန်းတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီ၏တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးချုပ်အောင်ကျော်လွင် သေဆုံးခဲ့သည်ကို တပ်တွင်းသတင်းရင်းမြစ်ထံမှအတည်ပြုကြောင်း CDM ဗိုလ်ကြီးထက်မြတ်က မဇ္ဈိမကို ပြောသည်။

စစ်ဆင်ရေးစတင်သည့် အောက်တိုဘာလ ၂၇ ရက်မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ ၁၁ ရက်အတွင်း စစ်ကောင်စီ၏ တပ်စခန်း ၁၁၂ ခုကို မြောက်ပိုင်းညီနောင်သုံးဖွဲ့နှင့် မဟာမိတ်များမှ သိမ်းပိုက်နိုင်ခဲ့ပြီး သံချပ်ကားနှင့် လေယာဉ်ပစ်လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ