ထီးချိုင့်တွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်

ထီးချိုင့်တွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်

ရွှေနွယ် (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့တွင် ယနေ့ နိုဝင်ဘာ ၈ ရက် ညနေ၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်သွားကြောင်း ဒေသခံများကပြောသည်။

ထီးချိုင့်မြို့၊အမှတ်(၁)ရပ်ကွက် တောင်ရိုးတနေရာရှိ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့နေ့လယ်တွင် စတင်တိုက်ခိုက်စဉ် တိုက်ပွဲဖြစ်ပွားခြင်းဟုသိရသည်။ ယနေ့ညနေ ၄နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် မြို့ပေါ်တနေရာသို့ ပစ်ခတ်သွားကြောင်း ဒေသခံများကပြောသည်။

” တိုက်လေယာဉ်တစီးချနေပြီ။ မြို့ပေါ်ကို။ ကျွန်တော်တို့လူတွေ(PDFများ)ရှိမယ်ထင်တဲ့နေရာကိုပစ်တာထင်တယ်။ပစ်ခတ်သံက အသံကစိတယ်ဗျ။ ဒုန်းဒုန်းဒုန်းဒုန်းနဲ့။ ဒုံးကျည်လိုပုံစံမျိုးအသံစိပ်တယ်” ဟု ဒေသခံသတင်းရင်းမြစ်တဦးကပြောသည်။

ထို့အပြင် ယမန်နေ့ နိုဝင်ဘာလ ၇ရက် ညက စစ်ကောင်စီပစ်သည့် လက်နက်ကြီးကြောင့် အမှတ် (၁) ရပ်ကွက်မှ ပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။

“လောလောဆယ် စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူ လေးဦးသေဆုံးသွားကြောင်း သိရှိထားရသည်။ စကစ(စစ်ကောင်စီ) တံတားပေါ်ကနေ လက်နက်ကြီးတွေ နှင့်မြို့ပေါ်ကိုပစ်လို့ ဆိပ်ကမ်း​နေပြည်သူအချို့ ထိခိုက်ကြောင်းသိထားရပါသည်” ဟု ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးမှ မဇ္ဈိမကိုပြောသည်။ ဒေသခံများထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

တကောင်း-ထီးချိုင့်-အင်းတော် လမ်းပိုင်းကိုလည်း ယနေ့ ညနေ ၃နာရီ ၃၀မိနစ်မှစ၍ ယာယီ ပိတ်လိုက်ပြီးဖြတ်သန်းခွင့် မပြုတော့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းအတွင်း ကောလင်းမြို့အား နိုဝင်ဘာ ၆ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် ကောလင်းမြို့နှင့် နယ်စပ်ချင်းဆပ်စပ်နေသော ထီးချိုင့်မြို့တွင်လည်း တိုက်ပွဲဖြစ်လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့်ဒေသခံအများစုသည် နိုဝင်ဘာလ ၇ရက်မှစ၍ တိမ်းရှောင်နေခဲ့ကြသည်။ ယနေ့တွင် ထီးချိုင့်မြို့ပေါ်၌ တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်သည်။

စာတည်း – အေးချမ်း