ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၀ ကျော် ၂ လစာ လုပ်အားခ မရဘဲ အလုပ်ထုတ်ခံရ

ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၀ ကျော် ၂ လစာ လုပ်အားခ မရဘဲ အလုပ်ထုတ်ခံရ

ထိုင်းနိုင်ငံတွင် လုပ်ခလစာမရဘဲ အလုပ်တန်းလျားမှ နှင်ထုတ်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ (ဓာတ်ပုံ-ပေးပို့)

ကိုရွှေမြိတ် မဇ္ဈိမ။ ။ထိုင်းနိုင်ငံ၊ လယောင်း (Rayong) ခရိုင်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၀ ကျော်သည် လုပ်ခလစာ နှစ်လစာမရသည့်အပြင် အလုပ်ထုတ်ခံရသည်ဟု ထိုင်းသတင်းဌာန Thai PBS News ၏ ဖော်ပြချက်နှင့် ယင်းခရိုင်းအတွင်းရှိ မြန်မာနိုင်ငံသားထံက သိရသည်။

“လက်ရှိ သံရုံးကို အကူညီတောင်းထားပေမယ့် သံရုံးဘက်ကဘာမှတော့ အခုချိန် ဆောင်ရွက်ပေးတာ မရှိသေးဘူး”ဟု လယောင်ခရိုင်တွင် နေထိုင်သူ မြန်မာနိုင်ငံသားက မဇ္ဈိမကိုပြောသည်။

ယင်းရွှေ့ပြောင်းလုပ်သား ၁၈၀ကျော်သည် အလုပ်သမားတန်းလျားမှ နှင်ထုတ်ခြင်း ခံရသည့်အတွက် လက်ရှိတွင် တောတွင်းတနေရာ၌ နေထိုင်ကြရသည့်အပြင် စားသောက်ရေးအတွက် တောထဲရှိ ပီလောပီနံ၊ ပိန်းဥ၊ ကန်းစွန်းရွက်များ ခူး၍ စားသောက် နေထိုင်ကြရသည့် အခြေအနေရှိသည်ဟု ၎င်းကဆက်‌ပြောသည်။

အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၀ကျော်အား အလုပ်ရှင်က ကြိုတင်အသိပေးခြင်းမရှိဘဲ အလုပ်မှ ထုတ်လိုက်သည့်အပြင် ၎င်းတို့၏ လုပ်ခလစာ နှစ်လစာကိုပါ ထုတ်ပေးခြင်းမရှိဘဲ အလုပ်သမားတန်းလျားမှပါ နှင်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းသတင်းဌာနက ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

လက်ရှိ အလုပ်လက်မဲ့နှင့် နေရာထိုင်ခင်း အစားအသောက်များ အခက်အခဲ ဖြစ်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၀ ကျော် ယာယီတဲထိုး နေထိုင်နေသည့် ရာယွန်၊ ပနနိကွန်၊ ဖနနိကွန်နှင့် နီကွန်ရွာ စုစုပေါင်း ကျေးရွာငါးရွာသို့ Rayong ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် အတူ အုပ်ချုပ်ရေးအဖွဲ့များက သွားရောက်၍ လုပ်ငန်းခွင်ဆိုင်ရာ စာရွက် စာတမ်းများကို စစ်ဆေးပြီးနောက် အရေးပေါ် အစားအသောက်များကို ကူညီပေးခဲ့ကြောင်းလည်း ထိုင်းသတင်းဌာန Thai PBS News ကရေးသားဖော်ပြထားသည်။

အလုပ်ရှင်က အလုပ်သမား အားလုံးကို ပေးဆောင်ရမည့် ဘတ်ငွေ ၃,၀၀၀,၀၀၀ ခန့် ကျန်ရှိနေသေးကြောင်း ကနဦး သိရှိရ၍ လာရောက် ပေးချေရန် အလုပ်ရှင်နှင့် ညှိနှိုင်း ဆောင်ရွက်နေကြောင်း Rayong ပြည်နယ် အလုပ် အကိုင်အရာရှိ Mr. Sonthaya Kalasri က Thai PBS News တွင် ဖြေဆိုထားသည်။

“ဒီအလုပ်ရုံမှာက အခုလိုမျိုး အလုပ်သမားတွေ လုပ်အားခ မပေးဘဲ အလုပ်မှ နင်ထုတ်တာ အမြဲဖြစ်နေတာ ရှိတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အဲ့ဒီ အလုပ်သမားတွေ အခက်အခဲ ဖြစ်နေလို့ မြန်မာပြည်ကနေ ပိုက်ဆံ ပြန်တောင်းပြီး ပြန်ဖို့ သွားခေါ်ပေးဘူးတာ ရှိတယ်”ဟု ဘန်ကောက်မြို့တွင်နေထိုင်သည့် အလုပ်သမားအရေး ကူညီပေးနေသူ ကိုမျိုးကိုက ပြောသည်။

လက်ရှိတွင် အလုပ်သမားများ၏ အခက်အခဲများကို ကူညီ ဖြေရှင်းပေးရန် ထိုင်းနိုင်ငံ၏ အလုပ်သမား ဝန်ကြီးဌာနသို့ တိုင်ကြားထားပြီး လယောင်ခရိုင် အလုပ်သမား အလုပ်အကိုင် ဦးစီးဌာနက ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့တွင် ကွင်းဆင်း ဆောင်ရွက်ပေးနေကြောင်း ထိုင်းသတင်းဌာန Thai PBS News တွင် ရေးသားထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး