ထားဝယ်မြို့တိုက်ပွဲ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးငယ် အပါဝင် အရပ်သား ၃ ဦးသေဆုံး

ထားဝယ်မြို့တိုက်ပွဲ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးငယ် အပါဝင် အရပ်သား ၃ ဦးသေဆုံး

လက်နက်ကြီး နေအိမ်နဲ့ စစ်ရှောင်များအား တွေ့ရစဉ်

ကိုရွှေမြိတ် (မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က ကျောက်မဲတောင် ရဲစခန်းနှင့် ဟိန္ဒားစစ်ကောင်စီ စခန်းတို့ကို ယနေ့ နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်အချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ပစ်ခတ်သည့် လက်နက်ကြီး နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲ၍ ကလေးငယ် တဦး အပါဝင် အရပ်သား သုံးဦး သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များထံမှ သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေချိန်တွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်များ အချက်ပေါင်းများစွာ ပစ်ခတ်မှုကြောင့် ဟိန္ဒားရွာရှိ အရပ်သား နေအိမ် တလုံးပေါ်သို့ ကျရောက် ပေါက်ကွဲရာ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတဦးနှင့် ၎င်း၏ သားဖြစ်သူ ၁၀ နှစ်ခန့် ကလေးငယ်တဦး ပွဲချင်းပြီးသေဆုံးပြီး တဦးပြင်းထန် ဒဏ်ရာရရှိပြီးနောက် ထပ်မံသေဆုံးခဲ့သည်ဟု ဒေသခံစစ်ဘေးရှောင်များက ဆိုသည်။

“မနက်ကတည်းက တိုက်ပွဲက ဖြစ်နေတော့ လက်နက်ကြီးတွေလည်း ကြီးကျယ် ပစ်နေတာမျိုးပါ ၊ အဲဒီမှာမှ ဟိန္ဒားရွာက နေအိမ် တလုံးပေါ်ကို လက်နက်ကြီးကျလို့ သားအမိ နှစ်ယောက် သေသွားတယ်၊ တယောက် အပြင်းထန်ဒဏ်ရာရတာ ကနဦး သိရတယ်” ဟု ကျောက်မဲတောင် ရဲစခန်းအနီး နေထိုင်နေသည့် အသက် ၃၀ နှစ်ခန့်ရှိ စစ်ရှောင်အမျိုးသမီး တဦးက ပြောသည်။

ထိုအတူ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကျောက်မဲတောင် ရဲစခန်းနှင့် ဟိန္ဒားစစ်ကောင်စီ စခန်းတို့ အနီး နေထိုင်သည့် ဒေသခံ အများပြားသည်၊ တိုက်ပွဲဖြစ်ပွားချိန်တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ပြင်ဆင်ချိန်မရလိုက်ကြောင်း စစ်ရှောင်များထံမှ သိရသည်။

“ကျွန်တော်တို့ မနက်ကတည်းက စစ်ကောင်စီ စခန်းတွေကို ဝင်စီးပြီး ပစ်ခတ်နေတာပါ၊ နှစ်ဖက် တိုက်ပွဲကတော့ ပြင်းထန်နေပါတယ်၊ လောလောဆယ်တော့ အတူနေ မိသားစုဝင် အရပ်သား သုံးဦး သေတာပဲ သိရသေးတယ်”ဟု PDF ရဲဘော် တဦးက ပြောသည်။

လက်ရှိ ယနေ့ နေ့လယ် ၁၂ နာရီ အချိန်အထိ ဒေသခံများ၏ ပြောဆိုချက်အရ နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း စစ်ကောင်စီတပ်ဘက်က စစ်ကူလာပြီး တိုက်ပွဲပိုမို ပြင်ထန်းလာကာ အရပ်သားများကို ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် ပြုလုပ်လာမည်ကို စိုးရိမ်နေကြောင်း စစ်ရှောင်များက ပြောသည်။

“အခု စစ်တပ် စခန်း နှစ်ခုနဲ့ နီးတဲ့ နေရာတွေမှာ နေထိုင်နေတဲ့ ဒေသခံတွေက တယောက်မှ မရှိတော့ဘူး၊ အကုန် ပြေးနေရတယ်”ဟု ဒေသခံ စစ်ရှောင် အမျိုးသား တဦးက ပြောသည်။

ထိုကြောင့် ယနေ့ ဖြစ်ပွား နေသည့် တိုက်ပွဲတွင် နှစ်ဖက်စလုံးမှ ထိခိုက် သေဆုံးမှုတို့ကို ထုတ်ပြန်ခြင်း မရှိသေးပေ။

စာတည်း – သန့်ဇော်(သန်လျင်)