မုံရွာမြို့နယ် ညောင်ဖြူပင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

ပုံအညွှန်း-ညောင်ဖြူပင်ရွာမီးရှို့ဖျက်ဆီးခံရပုံ။ ဓာတ်ပုံ-Aung San Force

လွှမ်းမိုး

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် တောင်ခြမ်းရှိ ညောင်ဖြူပင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ ၂၂ရက် ည ၉ နာရီခွဲအချိန်တွင် ဝင်ရောက်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အိမ်ခြေ ၅၀၀ ခန့် ရှိသည့် ညောင်ဖြူပင်ရွာကို ခန့်မှန်း စစ်အင်အား ၅၀ လောက်နှင့် ဝင်ရောက်မီးရှို့သွားခြင်းဖြစ်ကြောင်း ဆိုသည်။

“ရွာခံတွေရော ၊ ကာကွယ်ရေး အဖွဲ့တွေရော မဝင်နိုင်သေးတဲ့အတွက် မီးလောင်အိမ်ခြေကိုတော့ တိတိကျကျ မသိရသေးဘူး” ဟု မုံရွာခရိုင်တပ်ရင်း(၅) သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

မုံရွာမြို့နယ် တောပုပျူကျေးရွာမှ ထွက်ခွါလာသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် ညောင်ဖြူပင် ရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့တို့ ပူးပေါင်းကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း မုံရွာခရိုင် အမှတ်(၅) တပ်ရင်းထံက သိရသည်။

ညောင်ဖြူပင် ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာလတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စခန်းချ တပ်စွဲနေခြင်းကြောင့် ဒေသခံများ နေရပ်စွန့်ခွါစစ်ရှောင်နေရခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ရှောင်တဦးက ပြောပြသည်။

“စစ်ရှောင်နေရတာ တလနီးပါ ကြာခဲ့ပါပြီ။ ရွာမှာက စစ်ကောင်စီတပ်က စခန်းချ တပ်စွဲနေတော့ ဖြောင့်ဖြောင့်တန်းတန်း မနေရဲကြဘူး။ ညတိုင်းလည်း လက်နက်ကြီးတွေ ပစ်နေတော့ မနေရဲကြဘူး။ စစ်ရှောင်ရက်တွေကြာလာတော့ စားဝတ်နေရေး အခက်အခဲတွေ ရှိနေတယ်” ဟု ၎င်းက‌ ပြောသည်။

လက်ရှိတွင် မုံရွာမြို့နယ်အတွင်းရှိ ညောင်ဖြူပင်ရွာ ၊ ဘုဘရွာ ၊လည်တော်ရွာ ၊ ချောင်းကောက်ရွာ စသည့် ကျေးရွာများမှ ဒေသခံ ၃,၀၀၀ ကျော် နေရပ်စွန့်ခွါ စစ်ရှောင်နေရကြောင်း သိရသည်။

ဒီဇင်ဘာ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့က မုံရွာမြို့နယ် ကြာပိုင်ရွာ ရှိ နေအိမ် ၁၅၀ ခန့်ကို မီးရှို့ဖျက်ဆီး၍ ဒေသခံ ၁၀ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ