(သူ့အတွေး၊ သူ့အမြင်)

သူ့အတွေး၊ သူ့အမြင်) လူမျိုးစုံပြည်သူ့ဆန္ဒ နဲ့ “ဆင့်လွှဲအာဏာ” အပြောင်းအလဲ အောင်သစ်

လူမျိုးစုံပြည်သူ့ဆန္ဒ နဲ့ “ဆင့်လွှဲအာဏာ” အပြောင်းအလဲ

အောင်သစ်

ခေတ်အဆက်ဆက် မြန်မာနိုင်ငံလူမျိုးစုံ ပြည်သူတွေရဲ့ဆန္ဒဆိုတာ ဘာလဲ။

လူထုဆန်ဆန်ပြောရရင် တိုင်းပြည်ကို နှစ်ပေါင်းများစွာ၊ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ စစ်အာ ဏာသိမ်းပြီးကတည်းက နှစ်ပေါင်း ၆၀ နီးပါး လူမျိုးစုံပြည်သူတွေ ခံစားနေရတဲ့ အထွေထွေဆင်းရဲဒုက္ခအပေါင်း ကနေ ကင်းလွတ်လိုတဲ့၊ လွတ်မြောက်လိုတဲ့ဆန္ဒလို့ ပြောနိုင်ပါတယ်။

အထွေထွေဆင်းရဲဒုက္ခတွေ ဆယ်စုနှစ်ပေါင်းများစွာ ခံစားနေခဲ့ကြရတဲ့ဆင်းရဲဒုက္ခတွေဆိုတာ တမိုးအောက်မှာ တမြေ တည်းနေ၊ တရေတည်းသောက်နေသူ လူမျိုးစုံပြည်သူအားလုံးရဲ့ဘဝတွေထဲမှာ၊ အသက်သွေးကြောတွေထဲမှာ ထပ်တူ ရှိနေကြပြီးသားပါ။

လူမျိုးစုံပြည်သူတွေနေထိုင်ကြတဲ့ ဒီနိုင်ငံဟာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသဖြင့် အဘက် ဘက်မှာ အနိမ့်ကျဆုံးအခြေအနေကို ရောက်သွားရုံသာမက၊ စစ်ယူနီဖောင်းဝတ်၊ ရဲယူနီဖောင်းဝတ်ဆိုရင် အလိုလို နေရင်း ထိတ်လန့်ကြောက်ရွံ့နေရတာလည်း အဆစ်ပါပါတယ်။ ဒါတင်မက ထွေအုပ်ယူနီဖောင်းဝတ်၊ လဝကယူနီ ဖောင်းဝတ် အစရှိတဲ့ဌာနဆိုင်ရာတွေနဲ့အကြောင်းတခုခုကြောင့် ပတ်သက်ရပြီဆိုရင်ကို လူမျိုးစုံပြည်သူတွေဟာ အလိုလိုနေရင်း ကျွန်သခင်ဆက်ဆံရေးဘဝကို ရောက်သွားကြရပါတယ်၊ ပြည်သူက ကျွန်၊ ဒင်းတို့က သခင်။ ပြည်သူ့ အကျိုးဆောင်ရမယ်၊ ပြည်သူကို ကျွန်လို အလုပ်အကျွေးပြုရမယ် ဆိုတဲ့ ဆိုစကားတွေနဲ့တော့ ဆန့်ကျင်ဘက်ပါဘဲ။

လွတ်မြောက်လိုတဲ့ဆန္ဒ

အကြောင်းအကျိုးသဘောတရားအရကြည့်တဲ့အခါ လူမျိုးစုံပြည်သူတွေရဲ့ အထွေထွေဆင်းရဲကျပ် တည်းမှု ဒုက္ခမျိုးစုံဆိုတဲ့အကျိုးတရား(ဆိုးကျိုးတရား)ကို ဖြစ်ပေါ်စေတဲ့အကြောင်းတရားက ဘာလဲဆိုတာ အထူး အထွေ ရှာဖွေနေစရာ မလိုပါဘူး၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူတွေရဲ့မတရားမှုအကြောင်းကြောင်းတွေကြောင့် အခုလို အကျိုး ဆက်ဖြစ်တဲ့ ဆင်းရဲဒုက္ခမျိုးစုံ ခံစားနေရတယ်ဆိုတာ အငြင်းထွက်စရာ မရှိပါဘူး။

အချက်အလက်နဲ့ဖော်ပြရရင် ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အာ ဏာရှင်အုပ်စု၊ ၁၉၈၈ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ ဗိုလ်နေဝင်း-ဗိုလ်စောမောင် ဦးဆောင်တဲ့ စစ်အာဏာရှင်အုပ်စု၊ ၁၉၉၂ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ဗိုလ်သန်းရွှေဦးဆောင်တဲ့ စစ်အာဏာရှင်အုပ်စု၊ ၂၀၂၁ ခုနှစ်ကနေ ယနေ့အထိ ဗိုလ်သန်းရွှေ-မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာရှင်အုပ်စုဟာ လူမျိုးစုံပြည်သူတွေကို အထွေထွေဆင်းရဲဒုက္ခမျိုးစုံသာမက၊ အသက်တွေ ဘဝတွေပါ အချိန်မတိုင်ခင် သေကြေပျက်စီး ဆုံးရှုံးစေရတဲ့အထိ ရက်ရက်စက်စက် ဖိနှိပ် အုပ်ချုပ်ခဲ့ကြတာပါ။

လူမျိုးစုံပြည်သူတွေရဲ့ လက်တွေ့ဘဝဆင်ခြင်တုံတရားနဲ့ပြောရရင် ဆယ်စုနှစ်ပေါင်းများစွာ သား စဉ်မြေးဆက် ခံစားနေခဲ့ကြရတဲ့ အထွေထွေဆင်းရဲဒုက္ခမျိုးစုံကနေ လွတ်မြောက်လိုတဲ့ဆန္ဒဆိုတာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ စစ်အာဏာရှင်မျိုးဆက်တခုလုံးကို တယောက်မကျန်၊ တစမကျန်၊ အမြစ်ပါမကျန်အောင် ဖယ် ရှားပစ်ချင်တဲ့ဆန္ဒပါပဲ၊ ဒါဟာ အရိုးရှင်းဆုံး နဲ့ အတိအကျဆုံး လူမျိုးစုံပြည်သူတွေရဲ့ဆန္ဒအမှန်ပါ။

လွတ်မြောက်လိုတဲ့ဆန္ဒကို ဖော်ပြပုံတွေလူမျိုးစုံပြည်သူတွေဟာ စစ်ကျွန်ဘဝကနေ လွတ်မြောက်လိုတဲ့ဆန္ဒကို စစ်အာဏာရှင်ခေတ်တ လျောက်လုံးမှာ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ် နဲ့ စစ်အုပ်ချုပ်ရေးယန္တရားကို ဆန့်ကျင်တဲ့ အခုလိုအဖြစ်အပျက်တွေနဲ့ ထင်ထင်ရှားရှား ဖော်ပြခဲ့ကြပါတယ်။

၁။ ၁၉၆၂ ခုနှစ် စစ်အာဏာ သိမ်းပြီးပြီးချင်း ဆန့်ကျင်ခဲ့ကြတဲ့ ဇူလိုင် ၇ ရက် ကျောင်းသား အရေးတော်ပုံ။

၂။ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်တဲ့ ခြောက်ခရိုင်ဆန္ဒပြပွဲလှုပ်ရှားမှု။

၃။ ၁၉၆၅ ခုနှစ် ကျွန်းဆွယ်အားကစားပွဲနဲ့ပတ်သက်တဲ့ ကျောင်းသားလှုပ်ရှားမှု။

၄။ ၁၉၆၇ ခုနှစ် ဩဂတ်စ် ၁၃ ရက် စစ်တွေ ဆန်ပြဿနာ လှုပ်ရှားမှု။

၅။ ၁၉၇၄ ခုနှစ် ဇွန် ၆ အလုပ်သမားသပိတ်လှုပ်ရှားမှု။

၆။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာ ၅ ရက် ဦးသန့်ဈာပန ကျောင်းသားသပိတ်လှုပ်ရှားမှု။

၇။ ၁၉၇၅ ခုနှစ် ဇွန် ၆ ကျောင်းသား+အလုပ်သမားလှုပ်ရှားမှု။

၈။ ၁၉၇၆ ခုနှစ် မတ် ၂၃ ရက် မှိုင်းရာပြည့် လှုပ်ရှားမှု။

၉။ ၁၉၇၇ ခုနှစ် ဇူလိုင် ၇ ရက် ခွန်လေးလုံး ကျောင်းသားလှုပ်ရှားမှု။

၁၀။ ၁၉၈၇ ခုနှစ် စက်တင်ဘာ ၅ ရက် ငွေစက္ကူအရေးအခင်း ကျောင်းသားလှုပ်ရှားမှု။

၁၁။ ၁၉၈၈ ခုနှစ် ဩဂတ်စ် ၈ ရက် ရှစ်လေးလုံးလူထုအရေးတော်ပုံ။

၁၂။ ၁၉၉၀ ခုနှစ် စက်တင်ဘာ ၂၇ ရက် ပါတီစုံအထွေထွေရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို မဲပေးရေးလူထုလှုပ်ရှားမှု။

၁၃။ ၁၉၉၁ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဆန္ဒပြပွဲများ။

၁၄။ ၂၀၀၇ ခုနှစ် ဩဂတ်စ်-စက်တင်ဘာ သံဃာတော်တွေဦးဆောင်တဲ့ ရွှေဝါရောင်လူထုလှုပ်ရှားမှု။

၁၅။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုများ။

၁၆။ ၂၀၁၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုများ။

၁၇။ ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မဲပေး သည့် လူထုဆန္ဒဖော်ထုတ်မှု။

၁၈။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက် ပါတီစုံအထွေထွေရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို မဲပေးသည့် လူထုဆန္ဒဖော်ထုတ်မှု။

၁၉။ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက် ပါတီစုံအထွေထွေရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို မဲပေးသည့် လူထုဆန္ဒဖော်ထုတ်မှု။

၂၀။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ နွေဦးတော်လှန်ရေး။

စစ်အုပ်စု၊ စစ်အာဏာရှင်စနစ် နဲ့ စစ်အုပ်ချုပ်ရေးယန္တရားကို ဆန့်ကျင်ကြောင်း အခု ဖော်ပြခဲ့တဲ့ အဖြစ်အပျက်တွေထဲမှာ အသံထွက်ဆန္ဒပြပွဲ၊ သပိတ်တိုက်ပွဲပုံစံတွေနဲ့ ဖော်ပြခဲ့ကြတာအပြင် အသံတိတ်ဆန္ဒပြပွဲ ပုံစံနဲ့ဖော်ပြခဲ့ကြတာကတော့ ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို မဲပေးခဲ့တဲ့ လူထုဆန္ဒဖော်ထုတ်မှု၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မဲပေးခဲ့တဲ့ လူထုဆန္ဒဖော်ထုတ်မှု နဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက် ပါတီစုံအထွေ ထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မဲပေးခဲ့တဲ့ လူထုဆန္ဒဖော်ထုတ်မှုတွေပဲ ဖြစ်ပါတယ်။

အဲဒီ့ရွေးကောက်ပွဲ သုံးခုစလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို သောင်ပြိုကမ်းပြို မဲပေးခဲ့ ကြတယ်ဆိုတဲ့အကြောင်းရဲ့ တကယ့်အနှစ်သာရအဓိပ္ပါယ်က လူမျိုးစုံပြည်သူတွေဟာ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ် နဲ့ စစ်အုပ်ချုပ်ရေးယန္တရား ကို တယောက်မကျန်၊ တစမကျန်၊ အမြစ်ပါမကျန်အောင် ဖယ်ရှားပစ်ချင်တဲ့ဆန္ဒကြောင့် မဲပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ အဲဒီလို ဖယ်ရှားဖို့ စွမ်းဆောင်ပေးနိုင်မယ့် အဖွဲ့အစည်းလို့ ယုံကြည်မှုနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို သောင်ပြိုကမ်းပြို မဲပေးရွေးချယ်ခဲ့ကြတာပါ။

၂၀၂၀ ရွေးကောက်ပွဲကာလ လူမျိုးစုံပြည်သူတွေရဲ့ဆန္ဒ

ပြဿနာတရပ်ကို ကြည့်မြင်သုံးသပ်တဲ့အခါမှာ တကွက်တည်းကို၊ အချိန်တချိန်တည်းကို ပိုင်းခြား ကြည့်မြင်လို့မရ၊ အကြောင်းအကျိုးဆိုတဲ့ လောကနိယာမတရားအရ ဖြစ်စဉ်သဘောနဲ့ ကြည့်မြင်ဖို့ လိုပါတယ်။ အပေါ်ယံမျှသာ ကြည့်မြင်လို့မရ၊ အတွင်းအနှစ်သာရကိုပါ ဆုပ်ကိုင်ကြည့်မြင်ဖို့ လိုပါတယ်။

ဒါကြောင့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မဲပေးခဲ့ကြတယ် ဆိုတာဟာ ၂၀၂၀ ရွေးကောက်ပွဲကာလကျမှသာ ဖြစ်ပေါ်လာတဲ့ လူမျိုးစုံပြည်သူတွေရဲ့ဆန္ဒမဟုတ်ပါဘူး၊ ၁၉၆၂ ခုနှစ်ကစလို့ စစ်ကျွန်ဘဝကနေ လွတ်မြောက်ချင်တဲ့ဆန္ဒကြောင့် မဲပေးခဲ့ကြတာပါ။ အဲဒီ့ပါတီကို ကြိုက်လို့၊ လူပုဂ္ဂိုလ် တဦးတယောက်ကို ကြိုက်လို့ မဲပေးခဲ့ကြတာပဲလို့ အပေါ်ယံ ကြည့်မြင် သုံးသပ်လို့မရပါဘူး၊ တကယ့်အနှစ်သာရက လူမျိုးစုံပြည်သူတွေရဲ့ဖော်ပြခဲ့တဲ့ဆန္ဒကို အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်မယ်လို့ ယုံကြည်တဲ့အဖွဲ့အစည်းအ ဖြစ် မဲပေးရွေးချယ်ခဲ့ကြတာဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။

နွေဦးတော်လှန်ရေးကာလ လူမျိုးစုံပြည်သူတွေရဲ့ဆန္ဒ

ခေတ်တခေတ်၊ အချိန်ကာလတခုရဲ့ နိုင်ငံရေးဖော်ပြချက်တွေကို နိုင်ငံရေးပညာရပ်၊ နိုင်ငံရေး စကားလုံးတွေနဲ့ပြောရင် အခြေအနေ အချိန်အခါနဲ့အညီ အမျိုးမျိုးရှိနိုင်ပါတယ်။ ဒီနေ့ နွေဦးတော်လှန်ရေးကာလမှာ လည်း နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်နဲ့ပတ်သက်ပြီး နိုင်ငံရေးဝေါဟာရတွေနဲ့ လူမျိုးစုံပြည်သူတွေရဲ့ဆန္ဒကို ခြုံငုံမိ အောင် အဓိပ္ပါယ်ဖွင့်ဆို ဖော်ပြထားပြီးကြပါပြီ။

အဲဒီ့အဓိပ္ပါယ်ဖွင့်ဆိုချက်တွေထဲမှာ အကျုံးဝင်ပြီးဖြစ်တဲ့၊ ပါဝင်နေပြီးဖြစ်တဲ့ လူမျိုးစုံပြည်သူတွေရဲ့ ဆန္ဒကတော့ ၁၉၆၂ ခုနှစ်ကစလို့ အခု နွေဦးတော်လှန်ရေးကာလအထိ ဆုံးခန်းတိုင် မအောင်မြင်သေးတဲ့ စစ်ကျွန် ဘဝက လွတ်မြောက်ချင်တဲ့ဆန္ဒပါပဲ။

ဒါကိုကြည့်ရင် ၂၀၂၀ ရွေးကောက်ပွဲကာလမှာ ရှိခဲ့တဲ့ လူမျိုးစုံပြည်သူတွေရဲ့ဆန္ဒ နဲ့ နွေဦးတော်လှန် ရေးကာလ လူမျိုးစုံပြည်သူတွေရဲ့ဆန္ဒဟာ အတူတူပါပဲဆိုတာ တွေ့ရပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကာလမှာ အဲဒီ့ဆန္ဒကို ပြည့်မီအောင် စွမ်းဆောင်ပေးနိုင်မယ်ယူဆကြတဲ့အတွက်၊ မဲပေးရွေးချယ်ခွင့်ရတဲ့ ရွေးကောက်ပွဲပုံစံ လည်း ရှိနေတာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ရွေးချယ်ကြောင်း၊ ယုံကြည်ကြောင်း၊ တာဝန် အပ် နှင်းကြောင်း မဲပေးရွေးချယ်တဲ့ပုံစံနဲ့ ဖော်ပြခဲ့ကြတာဖြစ်တယ်ဆိုတာ အပေါ်မှာလည်း တင်ပြခဲ့ပြီးပါပြီ။

ဖြစ်ချင်တဲ့ဆန္ဒတူပေမယ့်လည်း အခု နွေဦးတော်လှန်ရေးကာလမှာ ၂၀၂၀ ရွေးကောက်ပွဲကာလနဲ့ မတူတော့ဘဲ ပြောင်းလဲသွားတာကတော့ ရွေးချယ်မှု၊ ယုံကြည်မှု နဲ့ တာဝန်အပ်နှင်းမှုပါ။

စစ်ကျွန်ဘဝက လွတ်မြောက်ဖို့အတွက် လူမျိုးစုံပြည်သူတွေ ရွေးချယ်လိုက်တာ၊ ယုံကြည်လိုက် တာ၊ တာဝန်အပ်နှင်းလိုက်တာကတော့ နွေဦးတော်လှန်ရေးကို သံတမန်ရေးစစ်မျက်နှာ၊ လက်နက်ကိုင်တိုက်ပွဲ စစ် မျက်နှာ နဲ့ မြေပြင်သပိတ်တိုက်ပွဲစစ်မျက်နှာတွေမှာ ရွပ်ရွပ်ချွံချွံ အသက်တွေ၊ ဘဝတွေပေးဆပ်ပြီး တိုက်ပွဲဝင်နေသူ တွေ၊ တိုက်ပွဲဝင်နေကြတဲ့အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။

အခုအချိန်မှာ လူမျိုးစုံပြည်သူတွေဟာ သူတို့ရဲ့ဆန္ဒကို ရွေးကောက်ပွဲနည်းနဲ့ ဖော်ပြလို့ရတဲ့ အခြေ အနေမဟုတ်တာ အားလုံးအသိပါ။ ရွေးကောက်ပွဲနည်းနဲ့ ဆန္ဒကိုဖော်ထုတ်ပြလို့မရတာကြောင့် လူမျိုးစုံပြည်သူတ ရပ်လုံးဟာ ငွေအား၊ လူအား၊ စိတ်ခွန်အားတွေနဲ့ နွေဦးတော်လှန်ရေး ဆင်နွှဲနေသူတွေကို သောင်ပြိုကမ်းပြို ထောက် ခံကြောင်း ဖော်ပြနေကြပါတယ်။ သောင်ပြိုကမ်းပြိုထောက်ခံကြောင်းကို အခုလို အချက်အလက်တွေနဲ့လည်း ဆန်း စစ်လို့ ရပါတယ်။

၁။ နွေဦးတော်လှန်ရေးဆင်နွှဲနေသူများကို ငွေကြေးနဲ့ ရုပ်ဝတ္ထုပစ္စည်းတိုက်ရိုက်ထောက်ပံ့မှု

၂။ နွေဦးတော်လှန်ရေးဆင်နွှဲနေသူများကို လူကိုယ်တိုင် တတ်နိုင်တဲ့နည်းနဲ့အားပေးကူညီမှု

၃။ နွေဦးတော်လှန်ရေးဆင်နွှဲနေသူများရဲ့ သံတမန်ရေးလှုပ်ရှားမှုတွေကို ဆန္ဒဖော်ပြထောက်ခံမှု

၄။ နွေဦးတော်လှန်ရေးဆင်နွှဲနေသူများရဲ့ မြေပြင်သပိတ်လှုပ်ရှားမှုတွေကို ပူးပေါင်းပါဝင်မှုအပြင် ပုံစံမျိုးစုံနဲ့ ပံ့ပိုးထောက်ခံမှု

၅။ နွေဦးတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲစစ်မျက်နှာမှာ လူမျိုးစုံပြည်သူများကိုယ်တိုင် ပါဝင် ဆင်နွှဲနေမှု

အခု ဖော်ပြနေတဲ့အချက်တွေ တိကျမှန်ကန်ကြောင်း သုတေသနစာတမ်းတစောင်လို ကွိန်တိတေး တစ်ဗ်၊ ကွာလီတီတေးတစ်ဗ် အနာလိုက်ဆစ် ဆိုတာတွေ လုပ်ပြဖို့ ဘာမှမခက်ခဲလောက်အောင် အချက်အလက်တွေ ကလည်း သောင်ပြိုကမ်းပြို ရှိပါတယ်။

လိုရင်းပြောရမှာလည်းဖြစ် အခုဖော်ပြခဲ့တဲ့အချက်တွေနဲ့ပတ်သက်လို့ ကမ္ဘာသိ သိမြင်နေကြပြီး လည်းဖြစ်လို့ အသက်ပေးဆင်နွှဲနေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို သောင်ပြိုကမ်းပြို ထောက်ခံနေကြောင်း အချက်အလက်တွေထုတ်ပြီး သက်သေပြမနေတော့ဘဲ အချုပ်ဖော်ပြလိုက်တာပါ။

လူမျိုးစုံပြည်သူတွေဟာ နွေဦးတော်လှန်ရေးအောင်ပွဲအတွက် အသက်ပေးဆင်နွှဲနေတဲ့ အဖွဲ့အ စည်းတွေ၊ လူပုဂ္ဂိုလ်တွေကို သောင်ပြိုကမ်းပြိုထောက်ခံနေကြောင်းနဲ့ပတ်သက်ပြီး ခေတ်စားနေတဲ့ စကားလုံးနဲ့ဖော်ပြရရင် “ဒီနေ့ လူမျိုးစုံပြည်သူတွေဟာ ပြည်သူ့ “ဆင့်လွှဲအာဏာ” ကို နွေဦးတော်လှန်ရေး စစ်မျက်နှာအသီးသီးမှာ တိုက်ပွဲဝင်နေကြသူများထံ အပ်နှင်းထားပြီးဖြစ်ကြောင်း” ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်ရပါတယ်။

အောင်သစ်

၂၂.၁၁.၂၀၂၃