နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၂ဇန်နဝါရီ၂၀၂၄ ) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • ငလျင်ဒဏ်ခံစားခဲ့ကြရသည့် ဂျပန်ပြည်သူများ အတွက်ဝမ်းနည်းကြောင်းနှင့် ဒဏ်ရာရရှိသူများ အမြန်ဆုံးပြန်လည်ကျန်းမာလာရန် တောင်းဆုပြုကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီက ကြေညာချက်တစ်စောင်ထုတ်ပြန်သည်။ 
  • ပလက်ဝက အကြမ်းဖက် စစ်တပ်၏ ဗျူဟာကုန်းများနှင့် တဝက်တပျက်သိမ်းရန် ကျန်နေသည့် စခန်းများကို AAဆက်လက်တိုက်ခိုက်နေကြောင်း မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ဖွဲ့ က “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၆၇) ရက်မြောက်နေ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် အသိပေးထုတ်ပြန်ထားသည်။ 
  • အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း တို့မှာရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးကို ဇန်နဝါရီ ၁ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းမှာရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး ကို ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၃ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ကျားဖြန့် အွန်လိုင်း လိမ်လည်မှု၊ လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းများ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ် မှုခင်း များကို တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပူး ပေါင်း၍ တိုက်ဖျက်သွား မည်ဖြစ် ကြောင်း ယမန်နေ့ တရားဝင် သတင်းထုတ်ပြန်သည်။ 
  • တရုတ်နှင့်မြန်မာ နှစ်နိုင်ငံကြား ပြည်သူနှင့်ပြည်သူ ဆက်ဆံရေးကို အလေးထားလျက် အပြန်အလှန် ချစ်ကြည်မှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အစွမ်းကုန် မြှင့်တင်၊ ဆောင်ရွက်သွား မည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိနိုင်ကြောင်း People’s Defence Force – South Monywa တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။ 
  • စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် သပိတ်အင်အားစုများ၊ ကျောင်းသူကျောင်းသားများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ တော်လှန်နှစ်သစ် လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ (ဇန်နဝါရီ ၂) နံနက်က ပြုလုပ်ခဲ့ကြသည်။ 
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ – ပုသိမ်လမ်းမဘေးရှိ အမှတ် ၂၈ ရဲတပ်ရင်းနှင့် ရွှေတောင်ဦး ကုန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brother Defence Force မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
  • ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းက တိုက်ခန်းတခုကို စစ်ကောင်စီက စီးနင်းစဉ် တိုက်ပေါ်မှ ခုန်ချသည့်ဖြစ်စဉ်တွင် တိုက်ခေါင်မိုးပေါ်၌ ပုန်းအောင်းပြီး တဦးတည်း လွတ်မြောက် လာသူ ကိုကောင်းမင်းသန့် သည် ဇန်နဝါရီလ ၁ ရက်နေ့ ညနေတွင် ကျောက်ကပ်ရောဂါဖြင့် သေဆုံးသွားကြောင်း နီးစပ်သူများက မဇ္ဈိမကို ပြောသည်။ 
  • မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ရှိ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာ နေရာများ အား နွားထိုးကြီး PDFအဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။ 
  • ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်ကျေး ရွာအုပ်စုမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • နိုင်ငံတစ်ဝန်းတွင် အရှုံးများစွာ ကြုံနေရသည့် စစ်ကောင်စီအတွက် ယခုအချိန်သည် “ရောင်နီ ထွက်ခါနီး သဖြင့် မှောင်မိုက်” နေချိန်ဟု KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောဆိုလိုက်သည်။ 
  • ကိုးကန့် MNDAA အနေဖြင့် ၎င်းတို့ သိမ်းပိုက်ရရှိထားသော နယ်မြေများကို မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အထူးဒေသ (၁) အဖြစ် ကိုယ်ပိုင်အခြေခံဥပဒေဖြင့် ထူထောင်မည်ဟု MNDAA စစ်ဦးစီးချုပ်၊ မြန်မာနိုင်ငံရှမ်း ပြည်နယ် အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဖုန်တဲရင် က တရားဝင် ယနေ့ ကြေညာသည်။ 
  • စစ်ကောင်ဆီက အကာအကွယ်ပေးထားသည့် ကိုးကန့်ဒေသမှ ဆိုက်ဘာမှုခင်းကုမ္ပဏီမိသားစု​လေးစုသည် တရုတ်လူမျိုးအများအပြားကို ပြန်ပေးဆွဲလူကုန်ကူးခဲ့ပြီး သေဆုံးသည်အထိ နှိပ်စက် ခြင်းများ ကျူးလွန်ခဲ့ကြောင်းနှင့် ၁၀၂၇ စစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်မည်ဟု MNDAA က ထုတ်ပြန်သည်။ 
  • ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ်ရှိစစ်ကောင်စီဗျူဟာစခန်းလေးခုကို ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိကြောင်း ရက္ခိုင့်တပ်တော် AAက ယ‌နေ့(ဇန်နဝါရီလ ၂ရက်) သတင်း ထုတ်ပြန်သည်။ 
  • တရုတ်နိုင်ငံ၏ အွန်လိုင်းငွေကြေးလိမ်လည်မှုကဲ့သို့သော တရာမးဝင် ရာဇဝတ်မှုများကို တားဆီးနှိမ်နင်းရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မိုင်းလားအဖွဲ့(NDAA)ဥက္ကဌ ဦးစိုင်းလင်းက ပြောသည်။ 

စစ်ကောင်စီ  

  • ဂျပန်နိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် အကူအညီ လိုအပ်ရင် သံရုံးကို ဆက်သွယ်ရန် တိုကျိုမြို့ မြန်မာသံရုံးက အသိပေး ထုတ်ပြန်သည်။ 
  • ၂၀၂၄ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေး ဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၁၃ သန်းနီးပါးကို ထုတ်ရောင်းခဲ့ကြောင်း သိရသည်။ 
  • ပြည်တွင်းမှာ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်တည်လာ စေရေး ဦးတည်ဆောင်ရွက်နေကြောင်း စစ်ကောင်စီ ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးက ပြောသည်။ 
  • နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့အနေဖြင့် တရားမဝင် ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေးအတွက် အထူးအလေးထား ကြပ်မတ်ဆောင်ရွက်နေကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြောသည်။ 
  • မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေး နှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားကြောင်း စစ်ကောင်စီ သတင်းတွင် ဖော်ပြထားသည်။ 

ဇန်နဝါရီ သုံးသပ်ချက် 

  • တော်လှန်ရေးအရှိန်မြင့်နေသလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်တော်လှန်ရေးအဖွဲ့ အသီးသီးကလည်း ယခုနှစ်အတွင်း မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းစစ်အုပ်စုကို အမြစ်ပြတ်တိုက်ထုတ်ရန် ဆုံးဖြတ်ထားကြသည်ကို တွေ့ရသည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရကလည်း တရုတ်နိုင်ငံနှင့် နီးကပ်သည့် ဆက်ဆံရေးရရှိရန် ကြိုးပမ်းနေသလို ကျားဖြန့် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများ၊ လောင်းကစားမှုများအပါအဝင် နိုင်ငံဖြတ်ကျော် မှုခင်းများကို ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုထားသည်။