အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ တိုက်ပွဲဖြစ်ပွားသည့် မြို့နယ်ပေါင်း ၂၀၀ ကျော်အထိရှိလာ

Photo- ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၀ တပ်ဖွဲ့ဝင်များအား အောက်တိုဘာလအတွင်းက တွေ့ရစဥ် (KNDF B-10)

001(မဇ္စျိမ)။ ။ အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၂၀၀ ကျော် ရာခိုင်နှုန်းအားဖြင့် မြို့နယ်စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းတွင် တိုက်ပွဲများ ဖြစ်ပွားလာကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ ISP Myanmar က နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ မြို့နယ်ပေါင်း ၁၁၀ တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် မြို့နယ် ၇၇ ခုနှင့် ယခုနှစ်တွင် စစ်ဆင်ရေး ၁၀၂၇ စတင်ပြီးနောက် နိုဝင်ဘာလအထိ မြို့နယ် ၃၄ ခု စုစုပေါင်း တိုက်ပွဲဖြစ်ပွားသည့် မြို့နယ် ၁၁၁ခု ထပ်တိုးလာကြောင်း ISP Myanmar က ဖော်ပြထားသည်။

အာဏာသိမ်းကာလ နှစ်နှစ်ခွဲကျော်အတွင်း လက်နက်ကိုင်တိုက်ပွဲပေါင်း အကြိမ်ရေ ၁၂,၀၀၀ ကျော်ဖြစ်ပွားခဲ့သည့်အပြင် စစ်ပြေးဒုက္ခသည်အရေအတွက်မှာ နိုင်ငံ့လူဦးရေ၏ ခုနှစ်ရာခိုင်နှုန်းကျော်အထိ ရှိလာကြောင်း ဆိုထားသည်။

လက်ရှိ စစ်ဆင်ရေး ၁၀၂၇ ကာလအတွင်းတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကရင်နီဒေသတို့တွင် တိုက်ပွဲပေါင်း ၅၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

AA၊ TNLA နှင့် MNDAA ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းအဖွဲ့များ၏ စစ်ဆင်ရေး ၁၀၂၇ စတင်ပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် လက်ရှိ နိုင်ငံအနှံ့ စစ်ရေးအရှိန် မြင့်တက်လာကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် တနေရာတွင်လည်း ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

“၁၀၂၇ စစ်ဆင်ရေးစပြီးနောက်ပိုင်းကတော့ ပုလဲမှမဟုတ်ပါဘူး။ တနိုင်ငံလုံးအနှံ့အပြားမှာ စစ်ရေးအရှိန်က ဟိုအရင်ကထက်စာရင် နှစ်ဆလောက်မြင့်တက်လာတာပေါ့။ ဒီအနေအထားတော့ရှိပါတယ်။ ပုလဲတင်မဟုတ်ပါဘူး။ ဒါတနိုင်ငံလုံးအနေအထားပါပဲ”ဟု ဦးဇော်ထက်က ဆိုသည်။

ကရင်နီပြည်နယ်တွင်လည်း နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့များက ၁၁၁၁ စစ်ဆင်ရေး ဆောင်ရွက်နေသည့်အတွက် တိုက်ပွဲများ ပိုမို ကျယ်ပြန့်လာလျက်ရှိသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် လွိုင်ကော်မြို့တွင် ဒေသခံ ၄၀,၀၀၀ ကျော်မြို့ကို စွန့်ခွာထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာအပါအဝင် အကူအညီများစွာ လိုအပ်နေကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူများက ပြောသည်။

“လိုအပ်ချက်တွေတော့ အများကြီးပဲ။ ပြောရမယ်ဆိုရင် စားရေးသောက်ရေးဆိုရင်လည်း ဆန်၊ ဆီ၊ ဆား၊ ပဲတွေက သေချာတယ်။ အများကြီးလိုအပ်တယ်။ အကူအညီတွေလည်း လိုအပ်တယ်။ ထွက်တာကလည်း ကပျာကယာထွက်လိုက်ရတာလေ၊ ဆိုတော့ စားဖို့သောက်ဖို့အတွက်က မသယ်လိုက်ရနိုင်ဘူးဆိုတော့ အဲ့ဒီမှာ အများကြီး လိုအပ်တယ်။ နောက်တခုက ဆန်၊ ဆီ၊ ဆား၊ ပဲဝယ်ဖို့ကလည်း ဈေးတော်တော်လေးကို တက်ကုန်တယ်။ ဈေးတအားကြီးကုန်တယ်ဆိုပြီး အဲ့ဒီလိုမျိုးဖြစ်နေကြတယ်”ဟု ကရင်နီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ KHAI မှ တာဝန်ရှိသူတဦးကပြောသည်။

နိုင်ငံတဝှမ်း မြို့နယ်ပေါင်း ၃၃၀ ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ရန်ကုန်၊ စစ်ကိုင်း၊ ချင်း၊ ကရင်နီ၊ ပဲခူး၊ မကွေး၊ မွန်၊ ကရင်၊ တနင်္သာရီနှင့် ရှမ်းပြည်မြောက်ပိုင်းတို့ရှိ မြို့နယ်များအပါအဝင် မြို့နယ် ၅၀ ကျော်တွင် စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ