ခမရ (၃၅၇)နှင့် သင်္ဃန်းညီနောင်ဗျူဟာကို KNLA ၊PDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

Cobra Column မှ ရဲဘော်အချို့အား တွေ့ရစဉ် (ဓါတ်ပုံ- Cobra Column) (ပုံဟောင်း)

YT

(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၃၅၇)နှင့် စစ်ဗျူဟာကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ (ဧပြီလ ၅ ရက်) ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆)ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်နှင့် မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။

“ဗျူဟာနဲ့ (၃၅၇)ကို သိမ်းလိုက်တာ အတည်ပြုလို့ရပါတယ်။ ဒါပေမယ့် အသေးစိတ်အချက်အလက်တော့ မရသေးပါခင်ဗျ” ဟု ပဒိုစောလစ္စတန်က ပြောသည်။

ခမရ (၃၅၅)၊ (၃၅၆) နှင့် သင်္ဃန်းညီနောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးချိန်မှစ၍ သင်္ဃန်းညီနောင်မြို့သစ်တွင် ကျန်ရှိနေသည့် ခမရ (၃၅၇) နှင့် သင်္ဃန်းညီနောင်ဗျူဟာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့က ဆက်လက်ထိုးစစ်ဆင်နေခဲ့ခြင်းဖြစ်ပြီး ယနေ့ ညနေ ၃ နာရီဝန်းကျင်အချိန်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ခမရ (၃၅၇) နှင့် သင်္ဃန်းညီနောင်စစ်ဗျူဟာသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y- 12 စသည်တို့ဖြင့် လေကြောင်းတိုက်ခိုက်မှု ခုနစ်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်၌သာမက KNLA ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ထိခိုက်၊ ကျဆုံးမှုရှိကြောင်း မြေပြင်ရဲဘော်ထံက သိရသည်။

“လက်နက်တွေ ရထားတာ ရှိပါတယ်။ ရန်သူဘက်က သေဆုံးထိခိုက် များပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ထိထားတာ ရှိတယ်” ဟု မြေပြင်ရဲဘော်တဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိ ယနေ့ညနေ ၅ နာရီအချိန်အထိ မေးမြန်းချက်အရ သင်္ဃန်းညီနောင်ဒေသ၊ ဝှေ့ရှမ်းကျေးရွာအနီးတဝိုက်နှင့် ဗျူဟာကုန်းတဝိုက်ကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေကြောင်း ပဒိုစောလစ္စတန်နှင့် ဝှေ့ရှမ်းဒေသခံထံက သိရသည်။

မတ်လ ၇ ရက်နေ့မှစ၍ မြို့တိုက်ပွဲများ ပြင်းထန်လာခဲ့သည့် သင်္ဃန်းညီနောင်တွင် တိုက်ပွဲကာလ တလကျော်အတွင်း သင်္ဃန်းညီနောင် အခြေစိုက် ခမရ (၃၅၅)၊ (၃၅၆)၊ (၃၅၇) နှင့် သင်္ဃန်းညီနောင်ဗျူဟာ၊ ရဲစခန်း တို့ကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ