ကျိုက်ထိုမြို့ မြေစာရင်းရုံး တိုက်ခိုက်ခံရပြီး ဝန်ထမ်းဒဏ်ရာရ

YT(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရှိ မြို့နယ်မြေစာရင်းရုံး ဗုံးသီးပစ်ခတ် တိုက်ခိုက်ခံရ၍ ဝန်ထမ်းတဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့၊ နံနက် ၁၀ နာရီကျော်အချိန်က မြောက်ပိုင်းရပ်ကွက်၊ ငါးပိစစ်ပိုင်း အဝင်လမ်းဘေးရှိ မြေစာရင်းရုံးအတွင်းသို့ အမည်မသိ အမျိုးသားနှစ်ဦးက ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်၍ ရုံးအတွင်းသို့ ဗုံးသီးပစ်ခတ်ကာ တိုက်ခိုက်သွားခြင်းဖြစ်သည်။

” ဆိုင်ကယ်နှစ်စီးနဲ့ ကောင်လေးတွေလာပြီး ဗုံးပစ်ထည့်သွားတာ။ ခြံစည်းရိုးနဲ့ ရုံးက အရမ်းတော့ မကွာဘူး၊ ခြံကလည်း လမ်းနဲ့ ကပ်နေတာဆိုတော့လေ၊ အဲ့ဒီဗုံးက ရုံးနား ပေါက်သွားတာ။ နေ့စားတယောက် ဒဏ်ရာရသွားတယ်၊ အရမ်းတော့ မပြင်းဘူး” ဟု မြေစာရင်းရုံးအနီး နေထိုင်သည့် ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

တိုက်ခိုက်ခံရချိန်တွင် ရုံးအတွင်း၌ ဝန်ထမ်းများ ရှိနေကြပြီး အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် မြေစာရင်းရုံးမှ ဝန်ထမ်းအမျိုးသားတဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရခဲ့ပြီး ရုံးအဆောက်အဦတိုင်တလုံး ထိမှန်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။

မြေစာရင်းရုံး ဗုံးသီးဖြင့် တိုက်ခိုက်ခံရအပြီးတွင် အဆိုပါရုံးသို့ စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်ကောင်စီတပ်သားများ၊ ထွေအုပ်ဝန်ထမ်းများ အပါအဝင် ရပ်ကွက်လူကြီးများပါ လာရောက်ခဲ့ကြပြီး အနီးတဝိုက်ရှိ နေအိမ်များ၊ မြေစာရင်းရုံးဘေး လမ်းကြားအတွင်းရှိ နေအိမ်များကိုပါ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

” ဘယ်လောက်မှ မကြာဘူး အသံအကျယ်ကြီးကြားပြီး ခဏနေတော့ ရဲတွေရော စစ်သားတွေရော ရုံးဘက်ကို ရောက်လာတာပဲ။ ရုံးရှေ့နားက ကွမ်းယာဆိုင်လည်း အစစ်ခံရတယ်၊ တဝိုက်လုံး အကုန်လိုက်မေးတာ။ ဘာတွေမေးလဲဆိုတော့ လူနှစ်ယောက် ဆိုင်ကယ်တွေနဲ့ သွားတာတွေ့လိုက်လားတို့ ၊နင်တို့ဆီ ဝင်လာသေးလားတို့၊ နင်တို့ PDF တွေကို လက်ခံထားလားတို့ပေါ့” ဟု မြောက်ပိုင်းရပ်ကွက်မှ အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

မြေစာရင်းရုံးအား ဗုံးသီးပစ်ခတ်တိုက်ခိုက်ခြင်းအား မည်သည့် လက်နက်ကိုင်တပ်ဖွဲ့က ပြုလုပ်ခဲ့သည်ကို ထုတ်ပြန်ထားခြင်း မရှိသေးသကဲ့သို့ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးချေ။

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးယန္တရား ဌာနဆိုင်ရာရုံးများ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီနှင့် တွဲဖက်အလုပ်လုပ်နေသူများ စစ်ကောင်စီတပ်စခန်းများ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိကြောင်း သိရသည်။

စာတည်း -သန့်ဇော်(သန်လျင်)