ကလေးမြို့၊ စက္ကန့်ကျေးရွာမှ စစ်ကောင်စီစခန်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်သိမ်းပိုက်

ပုံအညွှန်း။ ။ စက္ကန့်ကျေးရွာတွင် စစ်ကောင်စီတပ်သားများ ချန်ထားခဲ့သော စစ်သားယူနီဖောင်းများတွေ့ရစဥ်။/ဓာတ်ပုံ။ ။ CJ

ကိုခင်မောင်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်အနောက်တောင်ဘက်ရှိ စစ်ကောင်စီတပ်စွဲထားသော စက္ကန့်ကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)ထံမှ သိရသည်။

စက္ကန့်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဖေဖော်ဝါရီလ ၂၁ရက်နေ့မှစ၍ တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ ဖေဖော်ဝါရီ ၂၂ရက်ည ၁၁နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းကပြောသည်။

ဆလိုင်းကျုံးငိုင်းက “စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲမှာမနေကြတော့ဘူး။ ထွက်ပြေးသွားတယ်။ အခုလက်ရှိမှာ ကျေးရွာထဲက စစ်ကောင်စီတပ်တွေထောင်ထားတဲ့မိုင်းတွေကို ရှင်းလင်းရေးလုပ်နေတာပါ။ ကျွန်တော်တို့ရဲဘော်တယောက်က ဒီနေ့မှာ မိုင်းရှင်းရင်းနဲ့ ကျသွားပါတယ်” ဟု မဇ္စျိမအားပြောသည်။

ယနေ့ဖေဖော်ဝါရီ ၂၃ရက်တွင် စက္ကန့်ရွာအတွင်း စစ်ကောင်စီတပ်များထောင်ထားသော မြေမြုပ်မိုင်းများအား ရှင်းလင်းစဥ် ပေါက်ကွဲမှုဖြစ်ပြီး CNDF ရဲဘော်လမင်းဆိုသူ ကျဆုံးခဲ့ခြင်းဟု ဆိုသည်။

နှစ်ရက်ဆက်ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ငါးဦးသေဆုံးပြီး ကျန်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းသို့ ထွက်ပြေးသွားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် ကလေးမြို့အခြေစိုက် စစ်ကောင်စီတပ်မှ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကလေးမြို့၊ မွန်းလိုင်ကျေးရွာမှ အမျိုးသမီးလေးဦးနှင့် အမျိုးသားတဦး လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံများကပြောသည်။ထ်ို့အပြင် လေးဦးဒဏ်ရာရခဲ့ပြီး နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

အိမ်ခြေ ၉၀၀ ခန့်ရှိသော စက္ကန့်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလတွင်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး မီးရှို့ခဲ့သောကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်သွားခဲ့သည်။ထိုအချိန်မှစ၍ စက္ကန့်ကျေးရွာထိပ်ရှိ စာသင်ကျောင်း၊ ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်းထဲတွင် စစ်ကောင်စီတပ်များတပ်စွဲထားသောကြောင့် ဒေသခံများနေရပ်မပြန်နိုင်သည်မှာ လေးလခန့်ရှိနေပြီဖြစ်သည်။

ယခုအခါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားသော်လည်း မိုင်းအန္တရာယ်ကြောင့် ဒေသခံများ ပြန်လည်နေထိုင်ခြင်းမပြုသေးကြောင်း သတင်းရရှိသည်။

စာတည်း – အေးချမ်း