နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၈ နိုဝင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ၊ ပြည်သူ့အခြေပြုစာသင်ကျောင်း၌ကျောင်းသားများ ၊ ဆရာများ နှင့် ကျေးရွာပြည်သူလူထုများကို အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ် ရေးရာ တာဝန်ခံ တို့မှ ဂျန်ဒါ အခြေပြု အကြမ်းဖက်မှုဖြစ်ပေါ်စေသည့်အကြောင်း အရင်းများနှင့် ပံ့ပိုးပေးနေသော အချက်များ ကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း Ministry Of Women ,Youth and Children Affairs က သတင်းထုတ်ပြန်ထားသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ စခန်းကုန်းတခုကို TNLAနှင့် မန္တလေး PDFက သိမ်းပိုက်ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဥရောပသမဂ္ဂ (EU) ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် သံအမတ်ကြီး Igor Driesmans တို့အကြား နိုဝင်ဘာ ၂၇ ရက်၌ တွေ့ဆုံပြီး မြန်မာ့ အရေးအတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီက စစ်ရေးအရှုံးများကို ဖုံးဖိရန် တရုတ်-မြန်မာ လူမျိုးရေး အမုန်းမီးပွား အောင် ဝါဒဖြန့် မှိုင်းတိုက်ပြီး တရုတ်ဆန့်ကျင်ရေး ဖြစ်ပေါ်လာစေရေး ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုလိုက်သည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရွှေပန်းကုံးကျေး ရွာရဲစခန်း PDFတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယင်းစခန်းက စခန်းမှူးနှင့် ဒုရဲအုပ်များအပါအဝင် ၁၆ ယောက်ကို အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများစွာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းတို့မှာရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး ကို နိုဝင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့ကြသည်။

ဂျပန်နိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး တွေ့ဆုံကြောင်း NUG က သတင်းထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

မန္တလေးမြို့တွင် ယနေ့ နိုဝင်ဘာ ၂၈ရက်နံနက်ပိုင်း၌ စစ်​ကောင်စီတပ်ဖွဲ့ဝင်များရှိသည့် နေရာ သုံးနေရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်း၊မြင်းခြံနှင့်နွားထိုးကြီးမြို့မှ MYTEL ဆက်သွယ်ရေးတာဝါတိုင် ရှစ်တိုင်အား ကာကွယ်ရေးတပ်ဖွဲ့များမှ ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်တွင် မိုင်းဖောက်ခွဲဖျက်ဆီးခဲ့သည်။

မန္တလေးမြို့တွင် ယနေ့ နိုဝင်ဘာ ၂၈ရက်နံနက်ပိုင်း၌ စစ်​ကောင်စီတပ်ဖွဲ့ဝင်များရှိသည့် နေရာ သုံးနေရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဝေးကွင်းတွင် သွားရောက်ကစားမည့် ရှမ်းယူနိုက်တက်အသင်းကို ကင်ဘာရာက ပြည်ဝင် ခွင့်ဗီဇာ ခွင့်ပြုရန် ပယ်ချခဲ့ပြီးနောက် ဩစတြေးလျကလပ် မာကာတာနှင့် မြန်မာကလပ်အသင်း တို့၏ AFC Cup ပွဲစဉ်ကို ကြားကွင်းအဖြစ် ထိုင်းနိုင်ငံသို့ ရွှေ့လိုက်ပြီဖြစ်ကြောင်း ဩစတြေးလျ ဘောလုံး အဖွဲ့ချုပ် (Football Australia)ကပြောသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၂၀၀ ကျော် ရာခိုင်နှုန်းအားဖြင့် မြို့နယ်စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းတွင် တိုက်ပွဲများ ဖြစ်ပွားလာကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ ISP Myanmar က နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးနှင့် မိန်းကလေးငယ် ၉သန်းကျော်အတွက် လူသားချင်းစာနာမှု အကူအညီ များ အရေးပေါ်လိုအပ်နေကြောင်း UN Myanmar ၏ ထုတ်ပြန်ချက်အရသိရသည်။

မြန်မာနိုင်ငံသို့ နေရပ်ပြန်ရေး မျှော်လင့်ချက်များ မှေးမှိန်နေခြင်းကြောင့် ပို၍ ကောင်းမွန်သော ဘဝအား ရှာဖွေရန် လှေဖြင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ ကလေးများနှင့်အတူ ထွက်ခွာကြ သည့် ရိုဟင်ဂျာဦးရေသည် တိုးများလာခဲ့ကြောင်း အကူအညီပေးရေးအဖွဲ့ အစည်းများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း တိုက်ပွဲများ အရှိန်မြှင့်တော့မည် ဖြစ်သဖြင့် စစ်ကောင်စီတပ် စခန်းအနီး‌နေ ပြည်သူများ ရှောင်တိမ်းကြရန် ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နိုဝင်ဘာ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ တောပုပျူစောထီးကျေးရွာ၌ ကင်းစောင့်ရင်း သောက်စားနေသော ပျူစောထီးများအား အမျိုးသမီးရဲဘော်များပါဝင်သော PDFများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Area71PDF Monywa အဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း တိုက်ပွဲအရှိန်မြှင့်တင်တော့မည်ဖြစ်၍ စစ်ကောင်စီ စစ်ရေး ပစ်မှတ်များရှိရာအနီးမှ ဒေသခံများအနေဖြင့် လာမည့်ဒီဇင်ဘာ၂၅ရက် နောက်ဆုံးထား၍ ဘေး လွှတ် ရာသို့ တိမ်းရှောင်ကြရန် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတိပေး ချက်ထုတ်ပြန်သည်။

တနင်္သာရီတိုင်း၊မြိတ်မြို့နှင့် ထားဝယ်မြို့နယ်တွင် စစ်ကောင်စီက အရပ်သားများကို အစစ်အဆေး မရှိ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေ၍ သတိထားသွားလာကြရန်မြို့ခံများက သတိပေးသည်။

မြန်မာနိုင်ငံတွင် နေထိုင်လျက် ရှိသည့် သို့မဟုတ် ခရီးသွားလာနေသည့် ထိုင်းနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအတွက် အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မာရှယ်လော ထုတ်ထားသည့် နယ်မြေဒေသများကို ရှောင်ကြဉ်ကြရန် ရန်ကုန်ရှိ ထိုင်းသံရုံးက ခရီးသွား သတိပေး ချက် ထုတ်ပြန်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ချင်းပြည်နယ် ၊ မတူပီခရိုင် ၊ရေဇွာမြို့တွင်းရှိ စစ်ကောင်စီ တပ်သားနှစ်ဦး လက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်လာသဖြင့် ယမန်နေ့နိုဝင်ဘာလ ၂၈ရက်နေ့ကငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ခဲ့ ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်း နှင့် ရေကြောင်း ပစ်ခတ်မှုကြောင့် ရွာဘုန်းကြီးကျောင်း မီးလောင်ပြီး အရပ်သား နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ကို မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေပြီဖြစ်ကြောင်း မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) မှ ကြေညာထားပြီးနောက် ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့၌ တိုက်ပွဲသည် စစ်ကောင်စီ၏ လောက်ကိုင်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)အနီးသို့ ချဥ်းကပ်လာပြီဖြစ်ကြောင်း လောက်ကိုင်သတင်းရင်းမြစ်ထံက သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ကိုင် သည့် ဂိုဏ်းမှ တရုတ်နိုင်ငံသား ၈၈ ဦးကို တရုတ်အစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။

ပဲခူးတိုင်း၊ ဝေါမြို့၏ အရှေ့ဘက် စစ်တောင်းမြစ်ဝှမ်းဘေးရှိ သူရဲသမိန်ကျေးရွာ ရဲစခန်းကို ယမန်နေ့ နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNLA) နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရှစ်ဦးသေဆုံးခဲ့သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်အရသိရသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ မူး(မုန်း)မြို့နယ် တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီ

တနင်္သာရီတိုင်း၊မြိတ်မြို့နှင့် ထားဝယ်မြို့နယ်တွင် စစ်ကောင်စီက အရပ်သားများကို အစစ်အဆေး မရှိ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေ၍ သတိထားသွားလာကြရန်မြို့ခံများက သတိပေးသည်။

မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေး လေ့ကျင်ဖို့ တရုတ်ရေတပ်၏ စစ်သင်္ဘောသုံးစီး ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို နိုဝင် ဘာလ ၂၇ ရက်နေ့က ရောက်ရှိလာကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီကျန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အစိုးရဥက္ကဋ္ဌ Mr. YAN JINHAI ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ JASMINE NAYPYITAW ဟိုတယ်၌ လက်ခံတွေ့ဆုံကြောင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိကျင်းပသော အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အ စည်းများဖိုရမ် (SEANF)၏ အကြိမ်(၂၀)မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို ဖော်ထုတ်အရေးယူမည်ဟု စစ်ကောင်စီက သတင်းစာများမှတဆင့် ခြိမ်းခြောက်သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပထမအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်း မဟာမင်္ဂလာအခမ်းအနားကို စစ်ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် တာဝန်ရှိသူများက မသိုးရွှေကြာသင်္ကန်းတော်ကို ဆက်ကပ်လှူဒါန်းကြကြောင်း သတင်းထုတ်ပြန်သည်။

အမေရိကန်အစိုးရ၏ ကျောထောက်နောက်ခံပြုထားသည့် USIP အဖွဲ့အစည်း၏ သုတေသနစာတမ်း များအားအမှီပြု၍ အနောက်နိုင်ငံမီဒီယာများမှ ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်နေမှုများအပါအဝင် မြန်မာ နိုင်ငံ၏ ရှေ့မြောက်ဘက်ဒေသတွင်ဖြစ်ပေါ်နေသောအခြေအနေများကို အခွင့်ကောင်းယူ၍ အချက်ပေး လှုံ့ဆော်မှုများလုပ်နေသည်ဟု အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

နိုဝင်ဘာ ၂၈ သုံးသပ်ချက်

ရှမ်းမြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်များ အထိနာနေသည်အတွက် ဝါဒဖြန့်ချိရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့၏ စစ်ကောင်စီတပ်သားများ မိသားစုဝင် များကို စိတ်ဓာတ်ပိုင်းရေးရာ မြင့်တင်ရန်အတွက် ဖြစ်ရပ်အမှန်များနှင့်ဆန့်ကျင်၍ နေ့စဉ် သတင်းစာများ နှင့် ၎င်းတို့လက်အောက်ခံ မီဒီယာများမှ တဆင့် ဝါဒဖြန့်နေသည်။

ရှမ်းမြောက်တိုက်ပွဲများ၏ တရုတ်ပါဝင်သည်ဟု စစ်ကောင်စီမှ ယူဆကာ တရုတ်သံရုံးရှေ့ဆန္ဒပြပွဲများ ပြုလုပ်ခိုင်းကာ တရုတ် မြန်မာလူမျိုးရေးမုန်းတီးမှုများဖြစ်လာစေရန် သွေးထိုးနေ၍ ယင်းသွေးထိုးမှုများ ကို ပြည်သူများအနေဖြင့် သတိထားရမည်ဖြစ်သည်။