ရခိုင်တွင် AA မထိုးဖောက်နိုင်သေးတာ ဘယ်မြို့တွေလဲ

ဓာတုရေးသားသည်။

ရှမ်းမြောက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်မှုနှင့်အတူ ရက္ခိုင့်တပ်တော် (AA) အနေဖြင့်လည်း ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း များကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ နှစ်လကျော်ရှိလာပြီ ဖြစ်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရသေ့တောင်၊ မြောက်ဦးမြို့နယ်တို့၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများ စတင်ပြင်းထန်လာပြီး ရသေ့တောင်မြို့နယ် အနောက်တောင်ဘက် မေယုမြစ်ကမ်းဘေးရှိ ဒုံးပိုက်နှင့် ချိန်ခါလီကျေးရွာများရှိ နယ်ခြားစောင့်ရဲစခန်းများအား ULA/AA က စတင်သိမ်းပိုက်ခဲ့ရာမှ တ ကျော့ပြန်တိုက်ပွဲ အသက်ဝင်လာခဲ့ရာ စစ်ရေးအရှိန် တဟုန်ထိုး မြင့်တက်လာသည်။

ယင်းမှစ၍ များစွာသော စစ်ကောင်စီတပ်၏ ဗျူဟာကုန်း စစ်စခန်း၊ စစ်ကောင်စီတပ်ဂိတ်၊ ရဲစခန်း၊ စစ်ဘက် ရဲဘက်အတူနေသော စခန်းများနှင့် နယ်ခြားစောင့် တပ်စခန်းပေါင်းများစွာကို တလကျော်အတွင်း သိမ်းပိုက်ခဲ့သည်။

ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် တရုတ်အစိုးရ၏ ညှိနှိုင်းမှုဖြင့် ရှမ်းမြောက်တွင် စစ်ရေးအရှိန် လျော့နည်းသွားသော်လည်း ULA/AA အနေဖြင့် ရခိုင်ဒေသတွင်းစစ်ရေးအရှိန်မြှင့်တင်ခဲ့ရာ စစ်ရေးဒေသများ ပိုမိုချဲ့ထွင်လာသည်။

ရခိုင်ပြည်နယ်နှင့် နယ်စပ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့ကိုလည်း AA က ထိန်းချုပ်ထားပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော အပါအဝင် အခြားမြို့အချို့ရှိ တပ်စခန်းများကိုလည်း သိမ်းပိုက်ထားသည်။

ရက္ခိုင့်တပ်တော် (AA) ၏ ဗျူဟာမြောက် တိုက်ခိုက်နိုင်စွမ်းများကြောင့် တစတစသိမ်းပိုက်နိုင်ရာမှ မြို့တော်စစ်တွေအထိ ထိုးဖောက်နိုင်အောင် ပိုမိုအားကောင်းလာနေသည်ကို တွေ့ရကြောင်း ရခိုင်ဒေသတွင်း စစ်ရေး၊ နိုင်ငံရေး သုံးသပ်သူတဦးက ပြောသည်။

” နယ်မြေစိုးမိုးမှုရထားတာက ရခိုင်ပြည်နယ်မြောက်ပိုင်း၊ အလယ်ပိုင်းပေါ့။ တောင်ပိုင်းမှာ သူတပြန်ကိုယ်တပြန် အုပ်ချုပ်တဲ့ အပိုင်းတွေလည်း ရှိတာပေါ့။ AA က သူတို့တပ်တွေကို အမ်းမြို့အထိ ဖြန့်ကျက်ထားတယ်”ဟု နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ရခိုင်ဒေသခံ ဦးဖေသန်းက ပြောသည်။

AA ထိုးဖောက်နေတဲ့မြို့တွေက ဘယ်မြို့တွေလဲ

ရခိုင်မြောက်ပိုင်းဒေသရှိ ပေါက်တော၊ ရသေ့တောင်၊ ကျောက်တော်၊ ၊မြောက်ဦး၊ မင်းပြားစသည့် မြို့ငါးမြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ရက္ခိုင့်တပ်တော် (AA) က ထိုးဖောက်တိုက်ခိုက်နေခြင်းဖြစ်သည်။

လက်ရှိမှာ ချင်းပြည်နယ်၊ ပလက်ဝဒေသကို ဇန်နဝါရီလလယ်ပိုင်းမှ စတင်ပြီး ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားသည်။

နယ်မြေပိုင်ဆိုင်မှု အငြင်းပွားလေ့ရှိပြီး စစ်ရေး၊ စီးပွားရေးအရ အရေးပါသော ပလက်ဝမြို့သည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် အဓိက ကုန်စည်ကူးသန်းမှု ပြုလုပ်သည်။

ထို့ပြင် အကြီးအကျယ် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှု ကြုံခဲ့ရသည့် ပေါက်တောမြို့ကိုလည်း အပြီးတိုင် သိမ်းပိုက်လိုက်ပြီဟု ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) က ကြေညာသည်။

AA က ထိုးဖောက်ဝင်ရောက်ကာ သိမ်းပိုက်ရန် ကြိုးပမ်းနေသည့် မြို့ခြောက်မြို့အနက် လက်ရှိမှာ မြို့နှစ်ခုကို သိမ်းပိုက်ထားနိုင်သည့် အခြေအနေ ဖြစ်သည်။

လက်ရှိမှာ ကျောက်တော် ၊ မြောက်ဦး၊ မင်းပြားတို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ယင်းမြို့များသည် စစ်တွေ- ရန်ကုန် အဝေးပြေး ကားလမ်းကြီးပေါ်တွင် တည်ရှိသည့် အရေးပါသော မြို့များဖြစ်သည်။

ထိုမြို့များရှိ တပ်ရင်းစခန်းအချို့ ကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ထားသည်ကို တွေ့ရသည်။ ကျောက်တော်ရှိ ခမရ (၅၃၉) တပ်ရင်းလည်း သိမ်းပိုက်ခံထားရသည်။

စစ်ကောင်စီတပ်ရင်းလိုက်၊ စခန်းတခုလုံး ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချ အညံ့ခံမှုများလည်း ရှိနေသည်။

“စစ်ကောင်စီတပ်တွေ မင်းပြားမှာပဲရှိတော့တာ၊ အခုဆို စစ်ကောင်စီဝန်ထမ်းတွေ မသွားမလာနိုင်ကြတော့ဘူး၊ လိုအပ်ရင် AA ကိုခွင့်တောင်းပြီးသွားလာတာတွေရှိတယ်။ နယ်မြေတွေမှာ (စကစ လက်အောက်ခံ) တရားရုံးတွေလည်း မြို့ပေါ်မှာ မရှိသလောက်ဖြစ် သွားပြီ” ဟု ဦးဖေသန်းက ပြောသည်။

အထိနာနေသော စစ်ကောင်စီတပ်သည် လေကြောင်း၊ လက်နက်ကြီးများ အသုံးပြုပြီး ခုခံတိုက်ခိုက်နေသော်လည်း အဓိကကျသည့် ဗျူဟာကုန်းကြီးများ ၊တပ်စခန်းများအား တခုပြီးတခု လက်လွှတ်နေရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ရေလမ်းမှလည်း စစ်သင်္ဘောကြီးများဖြင့် ကုလားတန်မြစ်ကြောင်းတလျှောက် လက်နက်ခဲယမ်း၊ တပ်အင်အားများကို ဆက်လက်ဖြည့်တင်းနေသောကြောင့် ဆက်လက်ပြီး တိုက်ပွဲများ ယခုထက်ပိုမို ပြင်းထန်လာဖွယ်ရှိကြောင်း စစ်ရေးအကဲခတ်များက ပြောသည်။

AA ထိုးဖောက်မှု မရှိတဲ့ မြို့နယ်က ဘယ်မြို့နယ်တွေလဲ

ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ် တည်ရှိရာ နေရာအနှံ့သို့ အရှိန်အဟုန်ဖြင့် စိမ့်ဝင်ထိုးဖောက်နေသော်လည်း
ရခိုင်ပြည်နယ် တောင်ပိုင်းရှိ ဂွမြို့၊ သံတွဲ၊ မာန်အောင်မြို့များနှင့် ဒေသအလယ်ပိုင်းရှိ အမ်းမြို့ပေါ်များတွင် စစ်ရေးဖော်ဆောင်ခြင်း မတွေ့ရသေးပေ။

“လောလောဆယ် ဂွတို့၊ သံတွဲတို့ ထိုးဖောက်မှု မရှိသေးဘူး။ ဒါပေမယ့် AA ရဲ့အုပ်ချုပ်ရေးယန္တရားကတော့ ဖော်ဆောင်တာတွေ့ရတယ်။ အမ်း၊ မြေပုံလည်း AA ရဲ့ ထိန်းချုပ်မှု အောက်ရှိတယ်” ဟု အမည်မဖော်လိုသော ရခိုင်ဒေသတွင်း စစ်ရေးစောင့်ကြည့်နေသူတဦးက ပြောသည်။

“စစ်ရေးလှုပ်ရှားမှု မထိုးဖောက်တာပဲရှိတာ။ ကျွန်တော့အမြင် ဂွမြို့တို့၊ မာန်အောင်တို့က တသီးတသသန့်ဖြစ်နေတော့ AA ရဲ့နယ်မြေလွှမ်းမိုးမှုနယ်မြေ တွေနဲ့ဆက်စပ်မှု မရှိတာနေမယ်။ နယ်မြေသီးသန့်ဖြစ်နေလို့ ထင်တယ်”ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ မြို့နယ်များကို စစ်ရေးဗျူဟာအရ စောင့်ကြည့်နေခြင်းဖြစ်နိုင်ကြောင်း ရခိုင်ဒေသခံတဦးက သုံးသပ်သည်။

“ရခိုင်မြောက်ပိုင်းစစ်ရေးအရမဟာဗျူဟာကျတဲ့နေရာတွေကို AA က နယ်မြေစိုးမိုးမှုခြေကုပ်ရအောင်လုပ်နေတာ ဖြစ်တယ်၊ ရခိုင်ပြည်နယ်တောင်ပိုင်းက စစ်ရေးဗျူဟာသိပ်မကျဘူး၊ ထင်တာကတော့မြောက်ပိုင်းအကုန်သိမ်းပိုက်ပြီး နယ်စပ်လမ်းဖွင့်ပြီး ဒေသတွင်း နေထိုင်သူတွေ စားဝတ်နေရေး အဆင်ပြေလာမှ တောင်ပိုင်းဘက် တိုက်မယ်ထင်တယ်”ဟု ဒေသခံက ပြောသည်။

ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေတွင် စစ်ကောင်စီတပ်၏ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်နှင့် အမ်းမြို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိသည်။

လောလောဆယ် တိုက်ပွဲမရှိသည့် အမ်းမြို့ အပါအဝင် ပုဏ္ဏားကျွန်း၊ မြေပုံမြို့များတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားအများအပြား နေ့စဉ်သေဆုံးနေသည်။

ယင်းသည် AA ၏ ထိုးစစ်ဆင်မှုကို ခုခံရန်တဖက်လှည့်ဖြင့် အင်အားပြ ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ရခိုင်အရေးတက်ကြွလှုပ်ရှားသူများက သုံးသပ်သည်။

တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် အရပ်သား သေဆုံးသူ ၈၀ ကျော်၊ ဒဏ်ရာရသူ ၂၆၀ ကျော်နှင့် ဖမ်းဆီးခံထားရသူ အရပ်သား ၃၀၀ နီးပါးရှိကြောင်း AA က ထုတ်ပြန်ထားသည်။

ရခိုင်ဒေသခံများသည် စစ်ကောင်စီ၏ နှစ်လတာ ကြာမြင့်နေပြီဖြစ်သည့် ကုန်းလမ်း၊ ရေလမ်း အပါအဝင် အဘက်ဘက်မှ ပိတ်ဆို့ကန့်သတ်ခံထားရခြင်း၊ တမြို့နှင့် တမြို့ ကူးလူးမသွားလာနိုင်ရန် ပိတ်ဆို့ထားမှုများအပြင် ဒေသတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများအား ဖြတ်တောက်ထားမှုများနှင့် ကြုံတွေ့နေ ကြရသည်။

ရခိုင်စစ်ရေးအခြေအနေများနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခကို မဇ္ဈိမက ဆက်သွယ်နေဆဲ ဖြစ်သည်။

လက်ရှိမှာ ရက္ခိုင့်တပ်တော် (AA) သည် ၎င်းတို့ ထိုးစစ်ဆင်နေသော မြို့နယ်များရှိ လက်ကျန် တပ်ရင်းများကို သိမ်းပိုက်ရယူနိုင်ရန် အင်အားအလုံးအရင်းဖြင့် ပတ်ပတ်လည် ပိတ်ဆို့ တိုက်ခိုက်နေသည်။

၁၀၂၇ စစ်ဆင်ရေး၏ အစိတ်အပိုင်းတခုအဖြစ် ကြွေးကြော်ပြီး ရခိုင်ဒေသတွင်း ထိုးစစ်ဆင်နေသော ရက္ခိုင့်တပ်တော် (AA) ၏ စစ်ဆင်ရေးသည် မြို့သိမ်း တိုက်ပွဲအထိ ဆင်နွှဲနိုင်ထားခြင်းကြောင့် ရခိုင်ပြည်၏ အနာဂတ်သည် စိတ်ဝင်စားစရာ ကောင်းနေသည်ဟု စစ်ရေး၊ နိုင်ငံရေး အကဲခတ်များက ပြောသည်။

စာတည်း။ ။ နောင်နောင်