ရှမ်း‌မြောက်ရှိ သိမ်းပိုက်ရန် ကျန်မြို့များကို ပိတ်ဆို့ထားပြီး အာဏာရှင်ပြုတ်ကျရေးကို “၁ မိနစ်မျှ အလဟသ မဖြစ်အောင်” လုပ်ဆောင်နေဟု မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

ညီနောင်မဟာမိတ် သုံးဖွဲ့

မဇ္ဈိမ

စစ်ဆင်ရေး ၁၀၂၇ အတွင်း ရှမ်းပြည်နယ်‌မြောက်ပိုင်းရှိ အပြီးသတ် သိမ်းပိုက်ရန်ကျန်နေသည့် မြို့များကို ပိတ်ဆို့၀န်းရံထားပြီး အာဏာရှင်ပြုတ်ကျရေးလုပ်ငန်းကို “တမိနစ်မျှ အလဟသ မဖြစ်အောင်” လုပ်ဆောင်နေသည်ဟု မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီ ၂၈ ရက်ညပိုင်းတွင် ထုတ်ပြန်သည်။

စစ်ကောင်စီ အာဏာသိမ်းပြီး နှစ်နှစ်ကျော်အကြာတွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး သုံးလတာ စစ်ဆင်ရေးကာလတွင် စုပေါင်းထိုးစစ်များကို မဟာဗျူဟာမြောက်စွာဆင်နွှဲခဲ့ကာ သတ်မှတ်ထားသည့် စစ်ဆင်ရေးပစ်မှတ် များကိုပါ ပေးဆပ်စွန့်လွှတ်မှု အနည်းဆုံးဖြင့် အချိန်တိုအတွင်း ရယူနိုင်ခဲ့သည်ဟု ‌ညီနောင်မဟာမိတ်အဖွဲ့က ဆိုသည်။

ရှမ်းမြောက်တွင် မူဆယ်မြို့ အပါအဝင် အခြားသောမြို့အချို့ နှင့် ရက္ခိုင်ဒေသအတွင်း အခြားသောမြို့အချို့တို့အား ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားဆဲဖြစ်‌ကြောင်း ညီနောင်သုံးဖွဲ့က ဆိုသည်။

စစ်ဆင်ရေး သုံးလပြည့်ခဲ့သည့် ဇန်နဝါရီ ၂၇ ရက်တွင်လည်း ညီနောင်မဟာမိတ်သုံးဖွဲ့က ပြည်သူများလိုလားနေသည့် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် စစ်ဆင်ရေးရည်မှန်းချက်များမှာ ပွိုင့်ဇီးရိုးဇီးရိုးဝမ်း (.001) မျှပင် လျော့နည်းသွားခြင်း မရှိဘဲ မြန်မာပြည်သူလူထု တရပ်လုံးလိုလားသော စစ်အာဏာရှင် စနစ်အမြစ်ပြတ်ရေးအတွက် မြန်မာပြည်သူလူထုတရပ်လုံးနှင့် အတူရှိနေပါကြောင်း၊ မြန်မာပြည်သူလူထု တရပ်လုံးအပေါ် ထားရှိသည့် မပြောင်းမလဲသော သဘောထားကို ထုတ်ပြန်ကြေညာအပ်‌ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

တရုတ်ကြား၀င်စေ့စပ်မှုဖြင့် ဟိုင်ဂင်သဘောတူညီချက်‌ကြောင့် ရှမ်း‌မြောက်တွင် တိုက်ပွဲများ ငြိမ်သက်သွားခဲ့ပြီး ညီနောင်မဟာမိတ် သုံးဖွဲ့က ရှမ်း‌မြောက်ရှိ မြို့ ၁၇ မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်အစား ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်များဖြင့် အစားထိုးနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်