ဘုံးဇုံးစခန်းသိမ်းတိုက်ပွဲတွင် ဖမ်းဆီးရသူများကို စစ်သုံ့ပန်းဥပဒေအရ ကိုင်တွယ်မည်ဟုဆို

စခန်းနေရာ၊ ဖမ်းဆီးမိရသည့် စစ်သုံးပန်းနှင့်လက်နက်ခဲယမ်းများ။ ဓါတ်ပုံ – ပေးပို့

ပါခွီး(မဇ္စျိမ)။ ။ ချင်းပြည်နယ် ၊ ဟားခါးမြို့နယ် ဘုံးဇုံးစခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသူများကို စစ်သုံ့ပန်းဥပဒေအရ အရေးယူကိုင်တွယ်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော်ထံက သိရသည်။

“အခုတိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်ကောင်စီတပ်က ဗိုလ်ကြီးအပါအဝင် အားလုံးခြောက်ယောက်ကို စစ်သုံ့ပန်း ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်” ဟု CNA ပြောခွင့်ရသူ ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်မှ ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်သို့အဝင်ဝ၌ ရှိသည့် ဘုံးဇုံးကျေးရွာတွင် အင်အား ၄၀ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာလ ၁၈ရက်နေ့က ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့က နေ့လည် ၁၂နာရီခန့်တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး ခြောက်ဦးအရှင်ဖမ်းမိကာ လက်နက်မျိုးစုံ ၃၀ကျော်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် ချင်းပူးပေါင်းတပ်မှ နှစ်ဦးကျဆုံးပြီး ၁၀ဦး အသေးစားထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။

ကျန်စစ်ကောင်စီတပ်သားများမှာ စခန်းကို စွန့်ခွာထွက်ပြေးသွားသဖြင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးရန် လိုက်လံရှာဖွေလျက်ရှိကြောင်း ချင်းတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

စစ်ရေးနှင့် စီးပွားရေးအရ အချက်အချာကျသည့် အဆိုပါစခန်း စခန်းသိမ်းတိုက်ပွဲကို CNA , CDF – Hakha , CDF- Thantlang နှင့် CDF – KKG တို့ က ပူးပေါင်းလုပ်‌ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်တွင် နိုဝင်ဘာလအတွင်း၌ ဖလမ်းမြို့နယ် ရိခေါရ်ဒါ ၊သီးဘွာလ် နှင့် မတူပီမြို့နယ်မှ လိုင်လင်းပီ ၊ ရေဇွာမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယခု ဟားခါးမြို့နယ်ရှိ ဘုံးဇုံးစခန်းကို ထပ်မံသိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)