စမ်းချောင်းရှိ လောင်းကစားဝိုင်းများနှင့် ပြည်သူများ မပတ်သက်ရန် သတိပေးချက်ထုတ်ပြန်

ဂန္ဒမာ(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ်နှင့် လက်အောက်ခံရဲများ ပါဝင်ပတ်သက်နေသည့် စမ်းချောင်းမြို့နယ်ရှိ လောင်းကစားဝိုင်းများတွင် ပြည်သူများ ပါဝင်ပတ်သက်ခြင်းမပြုရန် မြို့နယ်အဖွဲ့တခုဖြစ်သော စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက သတိပေးချက်ထုတ်ပြန်သည်။

စမ်းချောင်း(မြောက်) ရပ်ကွက်နှင့် မြေနီကုန်း(တောင်)ရပ်ကွက်တို့တွင် ဥပဒေမဲ့ လောင်းကစားဝိုင်းများရှိကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအနေဖြင့်သိရှိထားသဖြင့် သတိပေးခြင်းဖြစ်ကြောင်း သိရသည်။

“လောင်းကစားဝိုင်းများကို ပေါ်ပေါ်တင်တင်လုပ်လာကြပါတယ်။ ဒီလောင်းကစားဝိုင်းတွေမှာ စစ်တပ်အပေါင်းအပါလူတစု ၊ ခိုးဆိုးလုနိုက်ကောင်တွေလည်း လာဆော့နေကြတယ် ။ စစ်ခွေး ၊ ရဲခွေး( စစ်ကောင်စီ တပ်သားနှင့် ရဲများ) တွေက လာဘ်ယူထားတော့ ဖမ်းဆီးတာမရှိဘဲ လောင်းကစားဝိုင်းတွေကို လွှတ်ပေးထားတယ် ။ ဒီတော့ စမ်းချောင်းမှာ ခိုးဆိုးလုနိုက်မှုတွေ ပိုဖြစ်လာသလို လောင်းကစားအတွက် ပိုက်ဆံရအောင် စစ်ခွေး၊ ရဲခွေးနဲ့ပေါင်းပြီး ပြည်သူကို လက်ထောက်ချ ဖမ်းဆီးငွေညစ်မှုတွေပါရှိပါတယ်”ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဋ္ဌ ကိုပီတာကြီးက မဇ္ဈိမကိုပြောသည်။

စမ်းချောင်းမြို့နယ်ရှိ မြို့နယ်မှူးဆိုသူမှာလည်း အဆိုပါ လောင်းကစားကိစ္စများတွင် နောက်ကွယ်မှ ကိုယ်တိုင်ကိုယ်ကျပါဝင်ပတ်သက်နေကာ စမ်းချောင်းရဲစခန်းသည်လည်း လောင်းကစား၊ မူးယစ်ဆေးဝါး၊ ခိုးဆိုးလုနှိုက် စသည်တို့ကို လာဘ်ယူကာ တရားဥပဒေမဲ့ လုပ်ရပ်များကို မျက်ကွယ်ပြုရုံမက ပူးပေါင်းပါဝင်ပြီး ကူညီဆောင်ရွက်နေသည်ဟု ၎င်းက ဆိုသည်။

“ သူတို့အတွက် ( စစ်ကောင်စီ တပ်သားနှင့် ရဲများ)သတင်းပေးလုပ်နေတဲ့ နေရာတခုလည်းဖြစ်ပါတယ်” ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဋ္ဌ ကိုပီတာကြီးက ဆက်ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်တပ်နှင့်ပတ်သက်နေသော လောင်းကစားဝိုင်းများကို လုံးဝ သွားရောက်ဆော့ကစားခြင်းမပြုဘဲ မိသားစုဘဝများနှင့် အသက်အန္တရာယ်ကိုကာကွယ်ရန် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ထုတ်ပြန်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး