ပလက်ဝတွင် စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁ဝ ဦး CDF ထံခိုလှုံလာ

ပုံအညွန်း – ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့(ပလက်ဝ)တပ်ဖွဲ့ဝင်များ။(Photo – CDF – Paletwa/FB)

KMN(မဇ္ဈိမ)။ ။ချင်းပြည်နယ်၊ ပလက်ဝခရိုင်တွင် စစ်ကောင်စီတပ်သားနှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်ရှစ်ဦး ကာကွယ်ရေး တပ်ဖွဲ့ထံ ခိုလုံလာသည်ဟု ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့(ပလက်ဝ) Chinland Defense Force – Paletwa က ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့က ပလက်ဝခရိုင်၊ ရှင်းလက်ဝကျေးရွာရှိ စစ်ကောင်စီအခြေစိုက် ဗျူဟာ(၃)၊ ခလရ(၂၉၉မှ) ရဲဘော်ကျော်ထက်ဝေနှင့် ဒု-တပ်ကြပ် နိုင်လင်းအောင်တို့ ပြည်သူ့ရင်ခွင်သို့ ခိုလှုံရန် Chinland Defense Force- Paletwa ထံ ရောက်ရှိလာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင်လည်း ရှင်းလက်ဝရဲစခန်းတွင် တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင်ရှစ်ဦးသည် ပြည်သူများနှင့်အတူရပ်တည်ရန် အလင်းဝင်လာခဲ့ကြောင်း ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင် စီတာဝန်ရှိသူထံမှ သိရသည်။

“လက်နက်မပါတဲ့အတွက် ဆုငွေချီးမြှင့်တာတော့ မရှိပါဘူး၊ လိုအပ်တဲ့ ကူညီပံ့ပို့မှုတွေ ရှိပါတယ်။ အချိန် မနှောင်းခင် အလင်းဝင်ကြပါ၊အာဏာရှင်တစုကောင်းစားရေးတွက် အသေမခံကြပါနဲ့။ ပြည်သူနဲ့အတူ ပူးပေါင်းကြပါလို့ ထပ်လောင်းသတင်းပါးချင်ပါတယ်” ဟု ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ ဥက္ကဋ္ဌ၊ ပလက်ဝ အမှတ်(၂)ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က မဇ္ဈိမကိုပြောသည်။

ပြည်သူ့ရင်ခွင်သို့ အလင်းဝင် ခိုလုံလာသူများကို ဘေးကင်းလုံခြုံသည့် နေရာသို့ ပို့ဆောင်ပြီးဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီလက်အောက်ရှိ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များအား အမြဲလက်ခံကြိုဆိုကြောင်း ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ/ ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့(ပလက်ဝ)က ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ