ကဝမြို့နယ်တွင် စစ်ကောင်စီတပ်သား မြို့နယ် ပကဖ ထံ အလင်းဝင်

ကဝမြို့နယ်တွင် စစ်ကောင်စီတပ်သား မြို့နယ် ပကဖ ထံ အလင်းဝင်

Kawa People Defense Force

ရွှေနွယ် (မဇ္ဈိမ)။ ။ ပဲခူးတိုင်း ၊ ပဲခူးခရိုင် ၊ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (၅၅၉) မှ တပ်သား ချစ်မင်းကိုသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့က ဆက်သွယ် အလင်းဝင်လာကြောင်း ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ထိုသို့ အလင်းဝင်ရောက်လာသည့်အတွက် တပ်သား ချစ်မင်းကိုအား နွေးထွေးလှိုက်လှဲစွာကြိုဆို၍ ဆုငွေ ၁,၀၀၀,၀၀၀ ကျပ်ကိုလည်း ချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရှိရသည်။

ထို့ပြင် ၎င်းသွားလိုရာသို့ အန္တရာယ်မရှိပို့ဆောင်ပေးခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင် (People’s Embrace) နှင့် ချိတ်ဆက်ကာ ကူညီစောင့်ရှောက်မှုများ ဆက်လက်ပြုလုပ်ပေးလျက်ရှိကြောင်းလည်း သိရသည်။

“အကြမ်းဖက်စစ်ကောင်စီ၏ အသုံးချခံ၊ ထိုးကျွေးခံ ဖြစ်လျက်ရှိသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ပျူစောထီး)များသည် မိမိတို့၏ အသက်၊ ဂုဏ်သိက္ခာကို ငဲ့ကွက်တန်ဖိုးထားပါက အကြမ်းဖက်စစ်တပ်ကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင် ခိုဝင်ကာ အမြန်ဆုံး အလင်းဝင်ရောက်ကြရန် ကဝမြို့နယ်ပကဖက တိုက်တွန်းသတိပေးသည်” ဟုလည်း ကဝမြို့နယ် ပကဖ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် အလင်းဝင်ရောက်လာသူများအား အသက်အန္တရာယ်မရှိစေရန်ကာကွယ်ပေးမည်ဖြစ်ကြောင်း၊ လူ့ဂုဏ်သိက္ခာရှိရှိနေထိုင်နိုင်စေရန်၊ လူမှုဖူလုံရေး ဆုချီးမြှင့်ခြင်းကို တတ်နိုင်သမျှ ထောက်ပံ့ကူညီရန်၊ သွားလိုရာကို ဘေးကင်းစွာပို့ဆောင်ပေးရန်တို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် တိုက်ပွဲများအတွင်း လက်နက်ချအညံ့ခံပါကလည်း စစ်သုံ့ပန်းဥပဒေများနှင့်အညီ စောင့်ရှောက်ပေးမည် ထုတ်ပြန်ချက်အတွင်းဖော်ပြထားသည်။

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (၅၅၉) သည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေကျေးရွာတွင် ဝေါ်လေဗျူဟာကုန်းတွင် တပ်စွဲထားသည့် တပ်ရင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး