ငါန်းဇွန်တွင် နာရေးကားဖြင့် သွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်

ပုံအညွှန်း-ပျက်စီးသွားသည့် ထော်လာဂျီနှင့်နာရေးကားကို တွေ့ရစဥ် (ဓါတ်ပုံ၊ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

008

(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် နာရေးကားနှင့် ထွေလာဂျီတို့ကို အသုံးပြု၍ သွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့အား ဒီဇင်ဘာ ၁၄ရက် နံနက် ၅နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ရာ ငါးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

အင်အား ၄၀ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့သည် ငါန်းဇွန်မြို့နယ်၊ညောင်ပင်ရိုးကျေးရွာမှ သားကြင်းကျေးရွာဘက်သို့ သွားစဉ် မိုင်းရှစ်လုံးဆွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“မိုင်းရှစ်လုံးခွဲတိုက်ခိုက်ခဲ့တယ်။ နယ်မြေသတင်းတွေအရတော့ ငါးဦးသေတယ်။ ကိုးဦးဒဏ်ရာရတယ်။ ထော်လာဂျီနဲ့နာရေးကားလည်းထိတယ်။စခတွေက အခုလို ပရဟိတ နာရေးကားတွေ ယူသုံးနေတာကြာပြီ။ အခုဟာကတော့ သေချာသတင်းရလို့ တိုက်ခိုက်ခဲ့တာပါ “ဟု ငါန်းဇွန်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါ ထိခိုက်၊ သေဆုံး ဦးရေ စာရင်းကို မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ T.G.R၊ People Defence Force ၊ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Black Eagle Defence Force – MMU ၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သည့် TGYRပြောက်ကျားတပ်ဖွဲ့ ၊ ရွှေဂျိုးဖြူ ပြောက်ကျားတပ်ဖွဲ့ ၊ 925 ပြောက်ကျားတပ်ဖွဲ့ ၊ ဒေါင်းဖိုက်တာပြောက်ကျားတပ်ဖွဲ့ ၊ ပြည်တော်ဝင်ပြောက်ကျားတပ်ဖွဲ့ ၊ လက်ရုံး ပြောက်ကျားတပ်ဖွဲ့ ၊ ငန်းနက် ပြောက်ကျားတပ်ဖွဲ့ ၊ အားမာန်သစ်ပြာက်ကျားတပ်ဖွဲ့ နှင့် ဖက်ဒရယ်ညီ အစ်ကို ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့သည် ပျက်စီးသွားသည့် ထော်လာဂျီနှင့်နာရေးကားကို ယနေ့ ဒီဇင်ဘာ ၁၅ရက်နေ့အထိ လာရောက်ယူဆောင်ခြင်းမရှိသေးဘဲ ညောင်ပင်ရိုးကျေးရွာအနီးတွင် စခန်းချနေကြောင်းသိရပြီး ဒဏ်ရာရရှိသူများနှင့်သေဆုံးသူများကို ငါန်းဇွန်ဆေးရုံကြီးတွင် ပို့ဆောင်ထား​ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး