ထိုင်းစီးပွားရေးက အကျပ်အတည်းဆိုက်နေဟု ဝန်ကြီးချုပ် ပြော

ထိုင်းဝန်ကြီးချုပ် Srettha Thavisin သည် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့၌ နိုဝင်ဘာ ၁၅ ရက်၊ ၂၀၂၃ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်များ ရက်သတ္တပတ်တွင် မိန့်ခွန်းပြောကြားနေစဉ်။ (ဓာတ်ပုံ – AFP)

Vietnam Plus

ထိုင်းနိုင်ငံ၏ စီးပွားရေး လက်ရှိ အခြေအနေသည် အကျပ်အတည်းအတွင်း ရှိနေသည်ကို စိုးရိမ်ပူပန်ကြောင်း ဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ဖော်ပြောဆိုပြီး လာမည့်နှစ် စီးပွားရေးအလားအလာအတွက် စိတ်မအေးရကြောင်း ဆိုသည်။

၂၀၁၄ ခုနှစ်အတွင်း ဆွေးနွေးပွဲများ ရပ်တန့်သွားသည့် ဥရောပသမဂ္ဂနှင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FTA) အတွက် စေ့စပ်ညှိနှိုင်းမှုများ ပြန်စခြင်းနှင့်အတူ သန့်ရှင်းစွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှု အရှိန်မြှင့်ရေးကို ဦးတည်ချက် ထားရမည်ဟု ၎င်းက အလေးထား ဖော်ပြသည်။

ထို့အပြင် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ရေး၊ ကျွမ်းကျင်အလုပ်သမား တိုးပွားရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် လုပ်အားရင်းမြစ် မွေးထုတ်ရေးတို့က အရေးကြီးကြောင်းကိုလည်း ဝန်ကြီးချုပ် ဆရတ်သာ ဖွင့်ဆိုသည်။

လစာနှုန်းထား နည်းပါးခြင်းအတွက်လည်း အထူးစိုးရိမ်ပါကြောင်း အစိုးရခေါင်းဆောင်က ဆိုသည်။

စွမ်းအင်ကဏ္ဍနှင့် စပ်လျဉ်းပြီး လာမည့်နှစ် လျှပ်စစ်အခွန်ကို ယူနစ် တကီလိုဝပ်လျှင် ထိုင်းဘတ် ၄ ဒသမ ၂ (အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၂ ဒေါ်လာ) သို့ လျှော့ချရန် အစိုးရက လုပ်ဆောင်နေသည်။ ထိုသို့ မီးခွန်လျှော့ချခြင်း အစီအစဉ်သည် စက်မှုလုပ်ငန်းများနှင့် အိမ်ထောင်စုများအတွက် စိတ်ကျေနပ်စရာ ဖြစ်စေမည်။

နိုင်ငံအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ဖော်ဆောင်ခြင်းကဲ့သို့ ရေရှည် လုပ်ဆောင်ချက်များဖြင့် လျှပ်စစ်သုံးစွဲမှု စီမံခန့်ခွဲရေးတွင် ပို၍ သင့်တော်သော လမ်းကြောင်းများဆီ ရွေ့လျားသင့်ကြောင်း ဝန်ကြီးချုပ် ဆရတ်သာက ယုံကြည်ပြောဆိုသည်။

တချိန်တည်းတွင် ဒီဇင်ဘာ ၁၃ ရက်၌ မှတ်ပုံတင် လုပ်ငန်းစဉ် ၁၂ ရက်တာ အဆုံးသတ်တွင် အစိုးရ၏ ချေးငွေသက်သာရေး စီမံကိန်း၌ မှတ်ပုံတင်လျှောက်ထားသူပေါင်း နိုင်ငံအနှံ့ ၈၉,၀၀၀ နီးပါး ရှိသည်။ ထိုသို့ လျှောက်ထားသူများ၏ စုစုပေါင်း‌ ကြွေးမြီမှာ ဘတ် ၄ ဒသမ ၈ ဘီလီယံ ရှိသည်။

စိန်ခေါ်မှုများကြားတွင် အိမ်ထောင်စုကြွေးမြီ မြင့်မားခြင်းလည်း ပါဝင်ပြီး ယင်းကို ဖြေရှင်းရန် လိုအပ်သည်ဟု ဝန်ကြီးချုပ်က ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)