အမေရိကန်၏ ရန်ပုံငွေဥပဒေကြမ်းက တိဘက်ကို ထောက်ပံ့ကာ တရုတ်ကို ဖိအားပေး

International Campaign for Tibet

မကြာသေးခင်က အတည်ပြုလိုက်သော အမေရိကန် အစိုးရ ရန်ပုံငွေ ဥပဒေကြမ်းသည် တိဘက်လူမျိုးများအတွက် တန်ဖိုးရှိသော ဘဏ္ဍာရေး အထောက်အပံ့များ ပေးထားပြီး တရုတ်နှင့် ပတ်သက်သော တရုတ်၏ လိမ်လည်မှုများနှင့် တိဘက်ခေါင်းဆောင်များနှင့် စေ့စပ်ညှိနှိုင်းရေးကို ငြင်းပယ်ထားခြင်းများအတွက် ဖိအားပေးလျက် ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်က ကွန်ဂရက်တွင် အတည်ပြုပြီး မတ် ၂၃ ရက်တွင် သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ထိုးသော ပါတီကြီးနှစ်ရပ် သဘောတူသည့် ယင်းဥပဒေကြမ်းတွင် ဘာသာစကား ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် တိဘက်ဒီမိုကရေစီအရေးတို့အပါအဝင် တိဘက်အစီအစဉ်များအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ခွဲဝေသတ်မှတ်ပေးထားသည်။

တိဘက်အနေအထားအား ဖြေရှင်းရေး ညှိနှိုင်းရန် တရုတ်အစိုးရ သဘောတူသည့်အချိန်အထိ တရုတ်၏ အစိတ်အပိုင်းတရပ်အဖြစ် တိဘက်အား အတည်ပြုသော မြေပုံများနှင့် အခြားသော အချက်အလက်ကုန်ကြမ်းများအတွက် ယခု ရန်ပုံငွေကို သုံးရလိမ့်မည် မဟုတ်ဟု လွှတ်တော်က ဆိုထားသည်။

တရုတ်သည် သမိုင်းအစဉ်အလာအရ လွတ်လပ်သည့် အိမ်နီးချင်းနိုင်ငံ တိဘက်ကို သိမ်းပိုက်ထားသည်မှာ နှစ်ပေါင်း ၆၅ နှစ်ကျော်ပြီ ဖြစ်သည်။ တရုတ်၏ အုပ်ချုပ်မှုအောက်တွင် လက်ရှိ၌ တိဘက်သည် ကမ္ဘာပေါ်၌ လွတ်လပ်မှုအနည်းဆုံး နေရာ ဖြစ်နေပြီး ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်မှု အဆင့် ၁၀၀ တွင် သုညမှတ်ရှိကြောင်း စောင့်ကြည့်ရေးအဖွဲ့ Freedom House အရ သိရသည်။

သို့ရာတွင် အမေရိကန်၏ မကြာသေးခင်က ဥပဒေပြုမှုများကြောင့် တိဘက်ခေါင်းဆောင်များနှင့် ဆွေးနွေးခြင်းမှတဆင့် တိဘက်အား ကျူးကျော်ထားခြင်းအား ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် တရုတ်အစိုးရအပေါ် ဖိအားများ မြင့်မားစေလျက် ရှိသည်။

“အမေရိကန်ဟာ တိဘက်ပြည်သူတွေအတွက် ကတိကဝတ်တွေကို တဖန်ပြသလာပါတယ်။ ရှီကျင့်ဖျင်ရဲ့ အရှိန်မြင့်တဲ့ ဖိစီးနှိပ်စက်မှုကို ရင်ဆိုင်နေရချိန် လွတ်လပ်ခွင့်နဲ့ ယဉ်ကျေးမှု ထိန်းသိမ်းရေးတို့ကို တိဘက်ပြည်သူတွေ စွမ်းဆောင်နိုင်ဖို့ အရေးပါတဲ့ ရင်းမြစ်တွေကို ထောက်ပံ့ပေးနေတယ်”ဟု ယခု ရန်ပုံငွေဥပဒေကြမ်းနှင့် ပတ်သက်ကာ International Campaign for Tibet မှ အစိုးရဆက်ဆံရေး ညွှန်ကြားရေးမှူး ဖရန့်ဇ် မတ်ဇနာက ပြောသည်။

“တိဘက်မှာ ရှင်သန်ရေးအတွက် တိုက်ပွဲဝင်ကြတာမှာ ဒေါ်လာ တရွက်စီတိုင်းအတွက် ကျေးဇူးတင်ရတယ်။ တိဘက်အပြင်ဘက်မှာတော့ တိဘက်ပြည်သူတွေရဲ့ ကိုယ်ပိုင်ဘာသာစကား၊ ဘာသာရေးနဲ့ ရှင်သန်ရပ်တည်ရေး၊ မျှော်လင့်ချက်ရှိပြီး သွေးစည်းညီညွတ်ရေးတွေအတွက် အမေရိကန် ကွန်ဂရက်က ဆက်လက် ရင်းနှီးမြုပ်နှံထားတာပဲ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ယခု ရန်ပုံငွေဥပဒေသစ်တွင် တိဘက်၌ ယဉ်ကျေးမှု အစဉ်အလာ ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးမှု၊ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင် စောင့်ရှောက်မှု မြှင့်တင်ရေးတို့အတွက် လှုပ်ရှားဆောင်ရွက်မှုများကို ထောက်ပံ့နေသည့် တိဘက်အဖွဲ့အစည်းများနှင့်အတူ လုပ်ကိုင်ဖူးသော NGOs များအတွက် ဒေါ်လာ ၁၀ သန်း ထောက်ပံ့မည် ဖြစ်သည်။

ဒေါ်လာ ရှစ်သန်းမှာ တိဘက်ဒုက္ခသည်များနှင့် နေရပ်စွန့် အသိုင်းအဝိုင်းအတွင်း တိဘက်ယဉ်ကျေးမှုနှင့် ဘာသာစကားအား မြှင့်တင်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အပြင် အိန္ဒိယနှင့် နီပေါတို့ရှိ တိဘက်အသိုင်းအဝန်းနှင့် ဗဟိုတိဘက်အုပ်ချုပ်ရေးအဖွဲ့တို့ ဖွံ့ဖြိုးအားကောင်းရေးအတွက် ဖြစ်သည်။ ယင်း ရန်ပုံငွေကို အဆိုပါ အသိုက်အဝန်းကြားမှ တိဘက်ခေါင်းဆောင်များ၏ နောက်မျိုးဆက်များ ပညာရေးနှင့် ဖွံ့ဖြိုးရေးတို့ကိုလည်း ထောက်ပံ့သွားမည် ဖြစ်သည်။

ပြည်ပြေးတိဘက်များအတွက် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးကို ပေးနေသော ဗဟိုတိဘက်အုပ်ချုပ်ရေးအဖွဲ့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရေးအတွက် ဒေါ်လာ ငါးသန်း ချထားပေးမည် ဖြစ်သည်။ ဒေါ်လာ ၁ ဒသမ ၅ သန်းကမူ အိန္ဒိယနှင့် နီပေါတို့ရှိ နေရပ်ရွှေ့ပြောင်း တိဘက်ဒုက္ခသည်များအတွက် အပါအဝင် စီးပွားရေး ဖွံ့ဖြိုးမှုနှင့် စွမ်းဆောင်ရည် တည်ဆောက်ရေးတို့အား ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ထောက်ပံ့ပေးမည် ဖြစ်သည်။