အာဖဂန်နစ္စတန်တွင် ရှားပါးသတ္တုများနှင့် တွင်းထွက်ပစ္စည်းများတူးဖော်ရန် တရုတ် ကြိုးပမ်းနေ

ပုံစာ - ကဘူးလ်မြို့ မြောက်ဘက်ရှိ ကာကာမိုင်းတွင်းတွင် အလုပ်သမားတဉီးအား တွေ့ရစဉ်။

ပုံစာ – ကဘူးလ်မြို့ မြောက်ဘက်ရှိ ကာကာမိုင်းတွင်းတွင် အလုပ်သမားတဉီးအား တွေ့ရစဉ်။

Khaama Press

အာဖဂန်နစ္စတန်၏ ပေါများလှသော ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်သတ္တုအရင်းအမြစ်များကို ရယူရန် တရုတ် က ပိုမိုစိတ်ဝင်စားလာနေသည်။

အထူးသဖြင့် နည်းပညာမြင့်ချစ်ပ်များနှင့် စွမ်းဆောင်ရည်မြင့်ဘက်ထရီများအဆင့်မြင့်လာသဖြင့် ထောက်ပံ့ရေး ကွင်းဆက်ကို လွှမ်းမိုးချုပ်ကိုင်လိုခြင်းကြောင့် အာဖဂန်နစ္စတန်၏ ကြွယ်ဝသော အရင်းအမြစ်များကို တရုတ်က ပိုမို စိတ်ဝင်စားလာခဲ့ခြင်း ဖြစ်သည်။

ကြေးနီ၊ လစ်သီယမ်နှင့် မြေရှားများအပါအဝင် အာဖဂန်နစ္စတန်၏ များပြားလှသော သဘာဝသယံဇာတများကို တရုတ်က စီးပွားဖြစ်ထုတ်လုပ်ရန် သိသိသာသာ စိတ်ဝင်စားနေကြောင်း ကဘူးလ်အခြေစိုက် ကာတန်တက္ကသိုလ် မှ နိုင်ငံရေးသိပ္ပံပါမောက္ခ ဂျာလယ်ဘာဇွန်က ပြောကြားခဲ့သည်။

အနောက်နိုင်ငံများက အာဖဂန်နှင့် ထိတွေ့ဆက်ဆံမှုနည်းသွားခြင်းကြောင့် တရုတ်က ယင်းအရင်းအမြစ်များကို ပိုမိုအသုံးချနိုင်သည့် အခွင့်အလမ်းရရှိလာခဲ့သည်။

အာဖဂန်နစ္စတန်က ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့အများအပြားအပါအဝင် အမေရိကန်ဒေါ်လာ တထရီလီယံခန့် တန်ဖိုးရှိ အရန်ဓာတ်ငွေ့သိုက်များ ပိုင်ဆိုင်ထားသည်။

သို့သော် အခြေခံအဆောက်အအုံနှင့် နည်းပညာဆိုင်ရာ အကန့်အသတ်များကြောင့် အာဖဂန်နစ္စတန်သည် ယင်းအရင်းအမြစ်များကို ထိရောက်စွာ အသုံးချရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသဖြင့် တရုတ်ရင်းနှီးမြှုပ်နှံမှု အတွက် အခွင့်အလမ်းတခု ဖြစ်လာခဲ့သည်။

အခြားသူများအတွက် စိန်ခေါ်မှုများရှိနေသော ဒေသများတွင် လုပ်ကိုင်ရန် တရုတ်က ဆန္ဒရှိကြောင်း လေ့လာ သုံးသပ်သူများက သတိပြုမိခဲ့ကြောင်း ပါရီအခြေစိုက် မဟာဗျူဟာသုတေသနဖောင်ဒေးရှင်းမှ လေ့လာ သုံးသပ်သူ ဗယ်လာရီ နီကွတ်က ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်၏ မြေရှားသတ္တုနှင့် သတ္တုတွင်းထွက်များ ရရှိနိုင်ရေးအတွက် မဟာဗျူဟာအမျိုးမျိုးကို တရုတ်က ကျင့်သုံးနေကြောင်း အစီရင်ခံစာများက အကြံပြုဖော်ပြထားသည်။
သတ္တုတွင်း လုပ်ပိုင်ခွင့်များရရှိရန် မူးယစ်ဆေးဘုရင် ဘရှားနော်ဇိုင်းကဲ့သို့သော ပုဂ္ဂိုလ်များနှင့် တရုတ်၏ ပါဝင် ပတ်သက်မှုကို ဩစတြေးလျစာရေးဆရာနှင့် စုံစမ်းစစ်ဆေးရေးဂျာနယ်လစ် လင်း အိုဒေါ်နယ်က ဖော်ပြခဲ့သည်။

သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် အာဖဂန်နစ္စတန်အတွက် စီးပွားရေးအကျိုးအမြတ်အနည်းငယ်သာ ရရှိနိုင်ခြင်း ကြောင့် အာဖဂန်နစ္စတန်ရှိ အရင်းအမြစ်များကို တရုတ်က ထုတ်ယူသုံးစွဲမှုအပေါ် ဝေဖန်သူများက စိုးရိမ်နေကြ သည်။

စိုးရိမ်မှုများရှိနေသော်လည်း တရုတ်ကုမ္ပဏီများက အာဖဂန်နစ္စတန်တွင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်သတ္တု ထုတ်ယူမှုဆိုင်ရာ စာချုပ်များကို လက်မှတ်ရေးထိုးခဲ့သည်။

တရုတ်က လျှပ်စစ်ကားဘက်ထရီများနှင့် စမတ်ဖုန်းကို အဓိကထုတ်လုပ်သူဖြစ်ခြင်းကြောင့် အာဖဂန်နစ္စတန်တွင် လီသီယမ်အများအပြား ထုတ်လုပ်ရန် အလားအလာရှိသဖြင့် တရုတ်က ပိုမိုစိတ်ဝင်စားလာခဲ့ခြင်း ဖြစ်သည်။

နိဂုံးချုပ်အားဖြင့် အာဖဂန်နစ္စတန်၏ အရင်းအမြစ်များကို ထုတ်ယူရန် တရုတ်၏ စိတ်ဝင်စားမှု တိုးလာခြင်းက ယင်း၏စက်မှုလုပ်ငန်းနှင့် နည်းပညာကဏ္ဍများအတွက် အရေးကြီးသော အစိတ်အပိုင်းများ ကောင်းစွာရရှိနိုင်ရေး နှင့် မဟာဗျူဟာမြောက်အကျိုးစီးပွားအတွက် ဖြစ်သည်။