အသက်ကြီးပိုင်း ဦးရေများသည့် ဂျပန်ဆီ အင်ဒိုနီးရှားက အလုပ်သမား ၁၀၀,၀၀၀ စေလွှတ်မည် 

Nikkei Asia 

ကမ္ဘာ့ တတိယမြောက် စီးပွားရေး အကြီးဆုံး ဂျပန်နိုင်ငံ၏ အသက်ကြီးပိုင်း ဦးရေ များပြားခြင်းကြောင့် အလုပ်သမား ရှားပါးမှု ဖိစီးမှုအား အကူအညီဖြစ်ရေးအတွက် လာမည့်ငါးနှစ်၌ ဂျပန်ဆီ အလုပ်သမား ၁၀၀,၀၀၀ စေလွှတ်သွားရန် စီစဉ်ထားကြောင်း အင်ဒိုနီးရှားက ပြောသည်။ 

အရှေ့တောင်အာရှ အင်ဒိုနီးရှားနိုင်ငံမှ လူစွမ်းအားဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့က ၎င်းတို့၏ ပထမဆုံး ပူးတွဲ လူ့စွမ်းအားအရင်းအမြစ်ဖိုရမ်ကို ဂျကာတာတွင် နိုဝင်ဘာ ၂၈ ရက်က ကျင်းပခဲ့ရာ အင်ဒိုနီးရှား အစိုးရတာဝန်ရှိသူများနှင့် ကားထုတ်လုပ်ရေးမှသည် ခရီးသွားလုပ်ငန်းအထိ ဂျပန်လုပ်ငန်းကိုင်ငန်းများမှ ကိုယ်စားလှယ်များအပါအဝင် လူ ၂၀၀ ထက်မနည်း တက်ရောက်ခဲ့သည်။ 

“အင်ဒိုနီးရှားဟာ လုပ်သားအင်အားစု များပြားတဲ့ ကာလထဲ ဝင်ရောက်နေပြီ”ဟု ဖိုရမ်တွင် နိုင်ငံ၏ လူ့စွမ်းအားဝန်ကြီး အိုင်ဒါဖူဇီယာက ပြောသည်။ “ကျွန်မတို့ရဲ့ စိန််ခေါ်မှုကတော့ လက်ရှိမှာ ကျယ်ပြန့်လာတဲ့ ပြည်သူတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးနိုင်ဖို့ပါပဲ၊ အဓိကကတော့ အသက် ၁၅ နှစ်နဲ့ ၆၄ ကြား အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်တွေကို အလုပ်အကိုင်တွေ ဖန်တီးပေးပြီး အလုပ်လက်မဲ့နှုန်း မြင့်တက်လာမှာကို တားဆီးဖို့ပါပဲ”ဟု ၎င်းက ပြောသည်။ 

ဂျပန်နိုင်ငံသည် “အင်ဒိုနီးရှားနိုင်ငံသားများအတွက်  အကျိုးအမြတ် အကြီးဆုံး ဦးတည်ရာ” ဖြစ်ပြီး အထူးသဖြင့် လူငယ်မျိုးဆက်များအတွက် ဖြစ်ကြောင်း သူမက ထပ်လောင်းဆိုသည်။ 

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် “လာမည့် ငါးနှစ်၌ ဂျပန်ဆီ ကျွမ်းကျင်လုပ်သား ၁၀၀,၀၀၀ ဂျပန်ဆီ စေလွှတ်ရန်” ရည်မှန်းချက် ရှိထားကြောင်း ဖိုရမ်၌ အခြားသော လူ့စွမ်းအားဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောသည်။ 

ဂျပန်၏ အထူးကျွမ်းကျင်အလုပ်သမား ဗီဇာစီမံချက်ကို အသုံးချပြီး အလုပ်သမား ၇၀,၀၀၀ သွားရောက်ဖြစ်ရန် ဝန်ကြီးဌာနအနေဖြင့်လည်း မျှော်လင့်ထားသည်။ အဆိုပါ စီမံချက်သည် ဂျပန်၌ ငါးနှစ်တာ နေထိုင်ခွင့်အား ခွင့်ပြုထားသည်။ အခြားအခြား‌သော စီမံချက်များအောက်မှနေ၍ နောက်ထပ် ၃၀,၀၀၀ ဂျပန်နိုင်ငံဆီ သွားရောက်လုပ်ကိုင်ရန်လည်း မျှော်လင့်ထားသည်။ 

ဖိုရမ်တွင် အင်ဒိုနီးရှားနှင့် ဂျပန် နှစ်နိုင်ငံသည် အများပိုင်နှင့် ပုဂ္ဂလိကကဏ္ဍကြား အလုပ်အကိုင်နှင့် ဆက်စပ်သော သတင်းအချက်အလက် ဖလှယ်ရေး ပလက်ဖောင်းတရပ် ထူထောင်ရန်အပြင် အင်ဒိုနီးရှားနိုင်ငံသားများအတွက် ကျွမ်းကျင်မှုနှင့် ဂျပန်စကားပြော သင်ကြားပေးရေးတို့ကိုပါ သဘောတူညီချက် ရခဲ့သည်။ ထိုသဘောတူညီချက်၌ ဂျပန်သို့ အလုပ်သမား စေလွှတ်ရေး ဖြစ်နိုင်ခြေ ခိုင်မာရန်အတွက် အင်ဒိုနီးရှားကျောင်းများတွင် သင်ထောက်ကူပစ္စည်းများ ပြုပြင်ပြောင်းလဲရေးလည်း ပါဝင်သည်။ 

လူဦးရေ သန်း ၂၇၀ ကျော်ရှိသော အင်ဒိုနီးရှားသည် ကမ္ဘာတွင် စတုတ္ထမြောက် လူဦးရေအများဆုံး ဖြစ်ကာ ပြည်တွင်း၌ နိုင်ငံခြားဝင်ငွေ ရရှိရေးနှင့် အလုပ်လက်မဲ့ လျှော့ချရေးတို့အတွက် အရှေ့အလယ်ပိုင်း၊ ဟောင်ကောင်နှင့် တောင်ကိုရီးယားကဲ့သို့သော ဒေသများဆီ အလုပ်သမားများ စေလွှတ်ရေးကို ရေရှည် အလေးထားနေရသည်။ 

(မိုးသဲ ဘာသာပြန်သည်။)