ထိုင်ဝမ် နည်းဗျူဟာအချက်အလက်စနစ်အတွက် ဒေါ်လာ သန်း ၃၀၀ ထောက်ပံ့မှုကို အမေရိကန်က အတည်ပြု

Reuters

ထိုင်ဝမ်၏ သတင်းအချက်အလက် နည်းဗျူဟာစနစ်များကို ထိန်းသိမ်းရာတွင် အကူအညီပေးရေးအတွက် အမေရိကန် ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိသော စက်ပစ္စည်းကိရိယာများ ရောင်းချပေးရန် အမေရိကန် နိုင်ငံခြားရေးဌာနက အတည်ပြုခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဒီဇင်ဘာ ၁၅ တွင် ထုတ်ပြန်သည်။

တရုတ် က ပိုင်နက်အဖြစ် တောင်းဆိုနေသော ထိုင်ဝမ်အား အကာအကွယ်ပေးရေး အကူအညီပေးရန် အမေရိကန် က ဥပဒေအရ သဘောတူညီထားသည်။ လက်နက်ရောင်းချမှုသည် အမေရိကန် နှင့် တရုတ် ကြား မကြာခဏ တင်းမာမှုဖြစ်စေသော အကြောင်းရင်း တခုဖြစ်သည်။

အဆိုပါ သတင်းအချက်အလက်နည်းပညာ ဆက်စပ်ပစ္စည်းများ ရောင်းချ‌ရေး သဘောတူညီမှု သည် ထိုင်ဝမ်၏ ကွပ်ကဲမှု၊ ထိန်းချုပ်မှု၊ ဆက်သွယ်ရေး နှင့် ကွန်ပျူတာစနစ် စွမ်းရည်များကို ကောင်းမွန်စေရန် အထောက်အပံ့ဖြစ်ကြောင်း ပင်တဂွန် ကာကွယ်ရေး နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီက ပြောကြားသည်။

အဆိုပါ ပံ့ပိုးမှုသည် ထိုင်ဝမ်အတွက် လက်ရှိနှင့် အနာဂတ် တွင် ကြုံတွေ့နိုင်သည့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရန် စစ်ဆင်ရေးဆိုင်ရာ နည်းပညာများ အဆင်သင့်ဖြစ်မှုကို မြှင့်တင်ပေးခြင်းနှင့် သတင်း အချက်အလက် နည်းဗျူဟာများ လုံခြုံစွာ စီးဆင်းနိုင်ရန် ပံ့ပိုးမှုဖြစ်ပြီး ထိုင်ဝမ်၏ ရှိပြီးသား စွမ်းရည်များကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထိုင်ဝမ်၏ ပူးတွဲတိုက်ခိုက်ရေးကွပ်ကဲမှုနှင့် ထိန်းချုပ်မှုစနစ်များ၏ ထိရောက်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ပြီး စစ်မြေပြင် ကျွမ်းကျင်မှု ကို မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။

“ထိုင်ဝမ်ကျွန်း တဝိုက်မှာ တရုတ်စစ်တပ်က မကြာခဏ လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးတွေက ကျွန်တော် တို့ကို စစ်ရေးအရ အကြီးအကျယ် ခြိမ်းခြောက်နေတယ်” ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောကြားပြီး အဆိုပါ ရောင်းချမှု သဘောတူညီချက်သည် တလအတွင်း အသက်ဝင်မည်ဟု မျှော်လင့်ရပြီး အမေရိကန်ကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။ အမေရိကန်ကွန်ဂရက်လွှတ်တော် သို့ အသိပေးပြီး ရောင်းချမှု ကို ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိသည်။

ထိုင်ဝမ်သို့ သမ္မတ ဂျိုးဘိုင်ဒင်၏ ၁၂ ကြိမ်မြောက် လက်နက်ရောင်းချမှု သဘောတူညီချက်သည် ကျွန်း၏ ကာကွယ်ရေး လိုအပ်ချက်အတွက် အမေရိကန်အစိုးရ၏ အရေးကြီးမှုကို ပြသနေခြင်းဖြစ်ကြောင်း ထိုင်ဝမ်သမ္မတရုံးက ပြောကြားသည်။

ထိုင်ဝမ်ကျွန်းအနီး လွန်ခဲ့သော လေးနှစ် အတွင်း တရုတ် စစ်တပ် ၏ စစ်ရေး လှုပ်ရှားမှုများသည် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ် ၏ အချုပ်အခြာ အာဏာ ကို ထိပါးစော်ကားကြောင်း ထိုင်ဝမ်က ဝေဖန်ခဲ့သည်။

ထိုင်ဝမ်ရေလက်ကြား၏ အရေးကြီးသော အလယ်အလတ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်လာသော တရုတ်စစ်လေယာဉ် ကိုးစင်းကို လွန်ခဲ့သည့် ၂၄ နာရီ အတွင်း တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်း တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အလယ်အလတ်မျဉ်းကို နှစ်နိုင်ငံကြား အတားအဆီးတခု အဖြစ် အလွတ်သဘော သတ်မှတ် ခဲ့ကြပြီး ယခုအခါ တရုတ်လေတပ်မှ လေယာဉ်များသည် ထိုင်ဝမ် လေပိုင်နက်အတွင်းသို့ ဝင်ရောက်ခြင်း မပြုသော်လည်း အဆိုပါ မျဉ်းပေါ်သို့ ဖြတ်၍ ပုံမှန် ပျံသန်းလျက်ရှိသည်။

ထိုင်ဝမ် ပြည်သူများက သာ ထိုင်ဝမ် ၏ အနာဂတ် ကို ဆုံးဖြတ်မည် ဟု အသိပေးထားသော ထိုင်ဝမ် အစိုးရ က တရုတ် နှင့် ဆက်ဆံရေး ကို ပုံ‌ဖော်မည့် သမ္မတရွေးကောက်ပွဲ နှင့် ပါလီမန် ရွေးကောက်ပွဲများ ကို ဇန်နဝါရီ ၁၃ တွင် ကျင်းပမည် ဖြစ်သည်။