ပူတင်၏ရန်သူ အတိုက်အခံခေါင်းဆောင် ထောင်တွင်း၌ သေဆုံး၊ အနောက်နိုင်ငံများက ရုရှားအစိုးရတွင် တာဝန်ရှိဟု ပြော

A portrait of Alexei Navalny, candles and flowers are left at a memorial in Paris on February 16, 2024, after the announcement that the Kremlin's most prominent critic had died in an Arctic prison. © Ian Langsdon, AFP

A portrait of Alexei Navalny, candles and flowers are left at a memorial in Paris on February 16, 2024, after the announcement that the Kremlin’s most prominent critic had died in an Arctic prison. © Ian Langsdon, AFP

Reuters

ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် ကြောက်စရာအကောင်းဆုံး အတိုက်အခံခေါင်းဆောင်ဖြစ်သည့် နှစ်ပေါင်း ၃၀ ထောင်ကျခံနေရသော အလက်ဇီနာဗယ်နီသည် ဖေဖော်ဝါရီ ၁၆ ရက်က အကျဉ်းထောင်အတွင်း၌ လမ်းလျှောက်ပြီးနောက် သတိလစ်ကာ သေဆုံးသွားကြောင်း အာဏာပိုင်များက ပြောသည်။

ပူတင်သည် ၂၀၃၀ ခုနှစ်အထိ အာဏာမြဲစေမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်တွင် အသက် ၄၇ နှစ်အရွယ်ရှေ့နေဟောင်း နာဗယ်နီ သေဆုံးမှုကြောင့် ပူတင်အား အတိုက်အခိုက်ပြုမည့်လှုပ်ရှားမှုများကို ဆိတ်သုဉ်းသွားစေသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့်အနောက်နိုင်ငံခေါင်းဆောင်များက နာဗယ်နီသေဆုံးမှုနှင့်ပတ်သက်ပြီး ပူတင်နှင့်အပေါင်းအပါများ၏လက်ချက်ဖြစ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။

နာဗယ်နီသည် ပူတင်ဦးဆောင်သော ရုရှားအစိုးအဖွဲ့ဝင် လူလိမ်လူညစ်နှင့် သူခိုးများအကြား ကြီးမားကျယ်ပြန့်သော အကျင့်ပျက်ခြစားမှုနှင့် ချမ်းသာကြွယ်ဝမှုများအကြောင်း လူသိရှင်ကြား ဝေဖန်ပြောဆိုခြင်းဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်တခုကျော်က လူသိများလာခဲ့သည်။

မော်စကိုမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၁,၉၀၀ (မိုင် ၁,၂၀၀ ) ခန့်အကွာရှိ ခါ့ပ်မြို့ IK-3 အကျဉ်းထောင်အတွင်း လမ်းလျှောက်ပြီးနောက် နာဗယ်နီသည် နေမကောင်းဖြစ်ခဲ့ကြောင်း ယာမလို-နီနက်စ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်မှ အကျဉ်းထောင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နာဗယ်နီသည် လမ်းလျှောက်ပြီးနောက် သတိလစ်ကာ သေဆုံးသွားကြောင်းနှင့် သတိပြန်လည်လာအောင် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ကြောင်း တာဝန်ရှိသူများက ပြောသည်။

နာဗယ်နီ၏ ဇနီး ယူလီယာက “ပူတင်နဲ့အစိုးရအဖွဲ့က အမြဲလိမ်လည်နေတာကြောင့် အမျိုးသား ဆုံးတယ်ဆိုတဲ့အပေါ် ကျမအနေနဲ့ အတတ်မပြောနိုင်ပါဘူး။ တကယ် သေဆုံးခဲ့တယ်ဆိုရင် ပူတင်နဲ့ သူ့အပေါင်းအပါတွေ၊ သူ့မိတ်တွေနဲ့ အစိုးရအဖွဲ့ကို သိစေချင်တာက ကျွန်မတို့ နိုင်ငံ၊ မိသားစုနဲ့ ကျွန်မယောက်ျားအပေါ် ကျူးလွန်ခဲ့တာတွေအတွက် တာဝန်ယူရပါမယ်” ဟု မြူးနစ်လုံခြုံရေးညီလာခံ၌ ပြောကြားခဲ့သည်။

နာဗယ်နီသည် ၂၀၂၀ ခုနှစ် ဩဂုတ်လက ဆာဗီးယားတွင် အဆိပ်ခတ်လုပ်ကြံခံခဲ့ရသည်။ ရုရှားက ၎င်းတို့မလုပ်ကြောင်း ငြင်းဆန်ကာ အာရုံကြောထိခိုက်စေသောအရာဖြင့် အဆိပ်ခတ်ခဲ့မှုနှင့်ပတ်သက်ပြီး သက်သေလည်းမရှိဟု ပြောခဲ့သည်။

ပူတင်သည် အကျင့်ပျက်ခြစားမှုရှိသည့် အုပ်ချုပ်မှုစနစ်ကို တည်ဆောက်ခဲ့ခြင်းကြောင့် ရုရှားသည် နိုင်ငံရေးမတည်ငြိမ်မှုများနှင့်ရင်ဆိုင်ရနိုင်သည်ဟု နာဗယ်နီက ပြောကြားခဲ့သည်။ အကျင့်ပျက်ခြစားမှုနှင့် ပူတင်၏ ချမ်းသာကြွယ်ဝမှုနှင့် ပတ်သက်၍ နာဗယ်နီ၏ စွပ်စွဲချက်များကို ရုရှားအစိုးရက ပယ်ချခဲ့သည်။

မသမာမှုများရှိကြောင်း စွပ်စွဲခံရသည့် ရွေးကောက်ပွဲကျင်းပပြီးနောက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ပူတင်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပေါ်ပေါက်လာချိန်၌ နာဗယ်နီသည် အရင်ဆုံးအဖမ်းခံရသည့် ဆန္ဒပြခေါင်းဆောင်များထဲမှ တဦးဖြစ်သည်။