အာဆီယံ-ဂျပန် ထိပ်သီးအစည်းအဝေး၌ ရိုဟင်ဂျာအရေး ဆွေးနွေးသင့်ဟု အင်ဒိုနီးရှား သမ္မတ ပြော

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် မေလ ၁၁ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ လာဗွမ်ဘာဂျိုတွင် ကျင်းပသည့် ၁၅ ကြိမ်မြောက် အင်ဒိုနီးရှား-မလေးရှား-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေးတြိဂံထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဉ် (AFP)

Antara News

လာမည့် တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၇ ရက်) တွင် တိုကျို၌ ကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနှင့် ဂျပန် ထိပ်သီးအစည်းအဝေးတွင် ရိုဟင်ဂျာအရေးကို ဆွေးနွေးရန် အလွန်သင့်တော်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အလေးထားပြောသည်။

“ဒီအရေးက အာဆီယံရဲ့ ပြဿနာသက်သက်မဟုတ်ဘူး၊ ဒုက္ခသည်တွေ သွားရောက်ရာ နိုင်ငံတိုင်းရဲ့ ပြဿနာဖြစ်တယ်၊ ဒါကြောင့် ဆွေးနွေးဖို့ အရမ်း သင့်တော်တယ်လို့ ကျွန်တော် ထင်တယ်”ဟု စနေနေ့၌ ဂျပန်သို့ မထွက်ခွာခင် အချိန်ပိုင်းအတွင်း သတင်းစာရှင်းလင်းပွဲ၌ ဂျိုကိုဝီက ပြောဆိုသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အချက်အလက်အရ ၂၀၂၃ နိုဝင်ဘာမှ စတင်ကာ လက်ရှိအထိ ရိုဟင်ဂျာ ၁,၂၀၀ ကျော် လက်ခံထားသော အင်ဒိုနီးရှားသည် ရိုဟင်ဂျာ ဒုက္ခသည် အရေးကိစ္စရပ်နှင့် ရင်ဆိုင်နေရသော တခုတည်းသော နိုင်ငံမဟုတ်ဟု သမ္မတက ဆိုသည်။

“မလေးရှားလည်း အလားတူ ပြဿနာ ကြုံနေတယ်၊ ဒုက္ခသည် အရေအတွက် မြင့်တက်တာကြောင့်ပဲ”ဟု UNHCR အချက်အလက်အရ မလေးရှားသို့ နိုင်ငံခိုလှုံခွင့် ကြိုးပမ်းသည့် ရိုဟင်ဂျာ ဒုက္ခသည် တသိန်းကျော်ထက်မနည်း ရှိနေသည်ကို ကိုးကားပြီး ၎င်းက ပြောဆိုသည်။

အင်ဒိုနီးရှားနိုင်ငံသည် ၁၉၅၁ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ ကွန်ဗင်းရှင်း၌ မပါဝင်သဖြင့် ရိုဟင်ဂျာများကို လက်ခံရန် တာဝန်မရှိသော်လည်း လူသားချင်း စာနာထောက်ထားရေး အခြေခံဖြင့် ယာယီကူညီရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

တချိန်တည်းတွင် ရိုဟင်ဂျာ ပြဿနာအား ချက်ချင်းပင် အမြစ်မှ ဖြေရှင်းရေး၌ ကူညီရန် ကမ္ဘာ့နိုင်ငံများအား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်နှင့် အရပ်သားများကြား ဖြစ်ပွားဆဲ ပဋိပက္ခများကြောင့် ရိုဟင်ဂျာများသည် နိုင်ငံမှ ထွက်ခွာကြပြီး အများစုက အင်ဒိုနီးရှားသို့ ဝင်ရောက်လာကြကြောင်း သူမက ရှင်းလင်းပြောဆိုသည်။

“ဒါကြောင့် မြန်မာနိုင်ငံမှ ပဋိပက္ခ ရပ်တန့်ရေးနဲ့ ဒီမိုကရေစီ ပြန်ထွန်းကားရေး အတူတူ လုပ်ဆောင်ကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို ကျွန်မ ဖိတ်ကြားရတာပဲ၊ ဒါမှပဲ ရိုဟင်ဂျာတွေ အိမ်ပြန်နိုင်ကြမှာ ဖြစ်တယ်”ဟု ဒီဇင်ဘာ ၁၃ ရက်၌ ဂျီနီဗာရှိ ကုလသမဂ္ဂရုံး ကမ္ဘာ့ဒုက္ခသည်ဖိုရမ်တွင် ၎င်းက ပြောဆိုခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)