ရန်ကုန်တွင် ၂ ရက်အတွင်း ပေါက်ကွဲမှု ၁၉ ကြိမ်ဖြစ်ပွားကာ ထိခိုက်သေဆုံးသူများရှိ

ပုံအညွှန်း – ရန်ကုန်မြို့တနေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်နှင့် လက်အောက်ခံရဲများ လာရောက်စစ်ဆေးပုံ(ပုံဟောင်း)

ဂန္ဒမာ

(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အတော်အများတွင် နှစ်ရက်တာအတွင်း ပေါက်ကွဲမှုပေါင်း ၁၉ ကြိမ်အထိ ဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးသူများရှိကြောင်း သိရသည်။

ပေါက်ကွဲမှုများမှာ ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက် ညနေ ၆ နာရီမှ ယနေ့ ဒီဇင်ဘာ ၁၆ ရက် မနက် ၈ နာရီအထိ မြို့နယ် ၁၂ မြို့နယ်အတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“စစ်သား၊ ရဲ ယူနီဖောင်းဝတ်တဲ့သူ ထိခိုက်တယ်လို့ သတင်းမရဘူး၊ စစ်ကောင်စီဝန်ထမ်း ယူနီဖောင်းဝတ်မဟုတ်တဲ့သူရယ်၊ ဝန်ထမ်းယူနီဖောင်းဝတ် ထိခိုက်ဆိုတာတော့ သိရတယ်။” ဟု ပေါက်ကွဲမှုများအတွင်း ထိခိုက်သူများရှိကြောင်းကို Rangoon Scout Network မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ယနေ့ ဒီဇင်ဘာ ၁၆ ရက် နံနက် ၈ နာရီတွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ် (၂) လမ်းမရှိ Pro 1 Global Home Center – အိမ်ဆောက်ပစ္စည်းစင်တာရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ တဦးသေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရခဲ့သည်။

အလားတူ ဒီဇင်ဘာ ၁၆ ရက် နံနက် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းနှင့် နတ်စင်လမ်းတွင်လည်းကောင်း၊ မနက် ၁၂ နာရီ ၃၀ မိနစ်တွင် တောင်ဒဂုံမြို့နယ်ရှိ လဝကရုံးတွင်လည်းကောင်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်အနေဖြင့် ပေါက်ကွဲမှုဖြစ်ပွားသည့် မြို့နယ်များရှိ အခင်းဖြစ်ရာနေရာများကို ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း မြေပြင်ကင်းထောက်များထံက တဆင့်သိရသည်။

ထို့အပြင် ဒီဇင်ဘာ ၁၅ ရက် ည ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်း၊ အလုံမြိုနယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ ဆောက်လုပ်နေဆဲဖြစ်သော Western Best Hotel ပေါက်ကွဲရာ ဟိုတယ်မှ လုံခြုံရေးဝန်ထမ်းတဦး ဗုံးစထိမှန်၍ သေဆုံးခဲ့သည်။ ည ၇ နာရီခန့်တွင်တော့ တာမွေဈေးအနီးတွင် ပေါက်ကွဲခဲ့ပြီး လူတဦးထိခိုက်ဒဏ်ရာရကာ အခင်းဖြစ်ရာအနီးရှိ လူငယ်အချို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ဒီဇင်ဘာ ၁၅ ရက် ည ၈ နာရီမှ ၁၂ နာရီအတွင်း ကြည့်မြင်တိုင်၊ စမ်းချောင်း၊ တာမွေ၊ ဗိုလ်တထောင်၊ မြောက်ဒဂုံ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ရွှေပြည်သာ ၊ ဒလ မြို့နယ်တို့တွင် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့သည်။

ပေါက်ကွဲမှုများအတွင်း စစ်ကောင်စီဝန်ထမ်းယူနီဖောင်းဝတ်မဟုတ်သူ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှ တဦးသေ၊ တဦးဒဏ်ရာရ၊ တာမွေမြို့နယ်တွင် နှစ်ဦး ဒဏ်ရာရ၊ မင်္ဂလာဒုံမြို့နယ်တွင် လေးဦး ဒဏ်ရာရရှိခဲ့သည်။ ဝန်ထမ်းယူနီဖောင်းဝတ်ဆိုသူ ဗိုလ်တထောင်မြို့နယ်မှ စည်ပင်ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရကာ အလုံမြို့နယ်မှ ဟိုတယ်လုံခြုံရေးဝန်ထမ်းတဦးသေဆုံးခဲ့သည်။

ယခုပေါက်ကွဲမှုဖြစ်စဉ်များနှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစု၊ အဖွဲ့အစည်းနှင့် မြို့ပြပြောက်ကျားများ၊ ခရိုင် ပကဖများဘက်မှ ထုတ်ပြန်ချက်တစုံတရာဖြင့် သတင်းထုတ်ပြန်ဖော်ပြသည်ကို လက်ရှိအချိန်ထိ မတွေ့ရသေးပေ။

သို့သော် ရန်ကုန်ရှိ စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံအဖွဲ့များ၏ လက်ရှိ မြေပြင်တွင်လုံခြုံရေး ယူထားမှုအနေအထားမှာ
“ စစ်ကောင်စီတပ်တွေ လန့်ဖြန့်နေကြပါတယ်၊ ရဲစခန်းတွေ တပ်စွဲထားတဲ့နေရာတွေမှာဆို ဒရုန်းကြဲမှာစိုးလို့ ဇကာစိမ်းတွေ နှစ်ထပ်လောက်မိုးရတာနဲ့၊ ကတုတ်ကျင်းတွေ အသည်းအသန်တူးနေရတာနဲ့၊ သဲအိတ်တွေ တိုးနေရတာနဲ့ဖြစ်ကုန်ပါပြီ”ဟု မြေပြင်ကင်းထောက်များ၏ စုံစမ်းထောက်လှမ်းမှုအရ သိရသည်။

တော်လှန်ရေး သုံးနှစ်တာကာလအတွင်း ရန်ကုန်မြို့ပြတွင်လည်း စစ်ရေးအရှိန်မြှင့်တင်လာမှုများအပေါ် Rangoon Scout Network က အခုလိုမှတ်ချက်ပြုသည်။

“ခုလိုမျိုး မြို့နယ်အစုံ ပူးပေါင်းတိုက်ခိုက်ကြတာမျိုးတွေ မကြားဖြစ်တာ ကြာပါပြီ၊ ကောင်းတယ်လို့ မြင်ပါတယ်။ တော်လှန်ရေးမှာ ပူးပေါင်းလုပ်ဆောင်ကြတာမျိုးကမှ ရှေ့ကို ပိုရောက်နိုင်မယ်လို့ သုံးသပ်ပါတယ်။
ဒါမယ့် Collateral Damage တွေ(ပြည်သူ့အသက် အိုးအိမ်၊ စည်းစိမ် ထိခိုက်မှု)ကို အထူးအထူး သတိထားကြဖို့ ပြောလိုပါတယ်၊ ပြည်သူတွေ မထိခိုက်ကြဖို့ အဓိကပါ။” ဟု ဆိုသည်။

မဇ္ဈိမ၏ စုံစမ်းချက်အရ နှစ်ရက်တာအတွင်း ရန်ကုန်တိုင်း၌ ပေါက်ကွဲမှုများတွင် နှစ်ဦးသေဆုံးကာ ကိုးဦးအထိ ဒဏ်ရာရသူများရှိသည်။

စာတည်း – သန့်ဇော်(သန်လျင်)