ပုံမှန်မဟုတ်သော တပ်ဖြန့်မှုဖြင့် နယ်စပ်သဘောတူညီချက်များ တရုတ်က ချိုးဖောက်နေကြောင်း အိန္ဒိယပြောကြား

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်းရှန်ကာအား သတင်းစာရှင်းလင်းပွဲတခုတွင် တွေ့ရစဉ်။ 

ANI

လာဒတ်ဒေသရှိ အစစ်အမှန်ထိန်းချုပ်မျဉ်း (LAC) တလျှောက်တွင် တရုတ်က တပ်ဖွဲ့ဝင်အများအပြားကို တပ်ဖြန့်ချထားခြင်းဖြင့် ၂၀၂၀ပြည့်နှစ် သဘောတူညီချက်များကို ချိုးဖောက်ခဲ့ကြောင်း အိန္ဒိယက တန်ပြန်တပ်ဖြန့်ချထားခဲ့ပြီး၊ အစစ်အမှန်ထိန်းချုပ်မှုမျဉ်းတလျှောက် ပုံမှန်မဟုတ်သော တပ်ဖြန့်ထားချမှု များရှိနေကြောင်း မေလ ၁၄ရက်က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်းရှန်ကာက ပြောကြားလိုက်သည်။

အိန္ဒိယက ကိုဗစ်-၁၉ ကို ပိတ်ဆို့ကန့်သတ်ထားချိန်တွင် တရုတ်က စစ်တပ်ကို တပ်ဖြန့်ချထားခဲ့ကြောင်း “ကျွန်ုပ်တို့ထဲမှ တဦးတယောက်မျှ နိုင်ငံလုံခြုံရေးကို လျစ်လျူမရှုသင့်ပါဘူး။”ဟု ကိုလ်ကတ္တားတွင် ပြုလုပ်သည့် Viksit Bharat အစီအစဉ်တွင် မေလ ၁၄ရက်က ဂျိုင်းရှန်ကာက ပြောကြားခဲ့သည်။ 

“တချို့လူတွေက ငြင်းဆန်နေကြပေမဲ့ ကျွန်တော်တို့ကို သတိပေးနေတဲ့ ၁၉၆၂ခုနှစ် အတွေ့အကြုံ ရှိခဲ့ပါတယ်… ဒါပေမယ့် ခုက ၁၉၆၂ခုနှစ် မဟုတ်ပါဘူး။ ၁၉၆၂ခုနှစ်  နောက်ပိုင်း၊ ၁၉၈၈ခုနှစ်မှာ ရာဂျစ်ဂန္ဒီဟာ တရုတ်ကို သွားခဲ့တယ်။ ပုံစံအမျိုးမျိုးနဲ့၊ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေဖို့ အဓိက ခြေလှမ်းပါပဲ။ ပြီးတော့ ကျွန်တော်တို့ရဲ့ နယ်နိမိတ်ပြဿနာတွေကို ဆွေးနွေးမယ်လို့ နားလည် ထားပြီး၊ နယ်စပ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆက်လက် ထိန်းသိမ်းသွားရမှာ ဖြစ်ပါတယ်။” 

“အခုပြောင်းလဲသွားတာက ၂၀၂၀ပြည့်နှစ်မှာ ဖြစ်ခဲ့တာပါ။  ၂၀၂၀ပြည့်နှစ်မှာ သဘောတူညီချက်မျိုးစုံကို ချိုးဖောက်ပြီး တရုတ်တွေက နယ်စပ်မှာ တပ်ဖွဲ့ဝင်အမြောက်အများတပ်ဖြန့်ချထားခဲ့ပြီး အိန္ဒိယက ကိုဗစ်-၁၉ ကို ပိတ်ဆို့ကန့်သတ်ထားချိန်မှာ တရုတ်က စစ်တပ်ကို တပ်ဖြန့်ချထားခဲ့လို့. ကျွန်တော်တို့ ကလဲ တန်ပြန် တပ်ဖြန့်ချထားခဲ့ရပါတယ်… ပြီးတော့ ဂွါလန်မှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ 

နှစ်နိုင်ငံကြား တင်းမာမှုများသည် လွန်ခဲ့သော ၆၂ နှစ်က ဖြစ်ပျက်ခဲ့သည့် ကိစ္စကြောင့်မဟုတ်ဘဲ ယနေ့ နယ်စပ်တွင် ဖြစ်ပျက်နေသည့် ကိစ္စကြောင့် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ 

“ပြီးတော့ လေးနှစ်ကြာအောင်၊ နှစ်နိုင်ငံစလုံးက ပုံမှန်အခြေစိုက်စခန်းတွေ၊ သာမန်ကင်းလှည့်ဇုန် တွေရှေ့မှာ တပ်ဖြန့်ချထားခဲ့ပါတယ်။ ပြီးတော့ အစစ်အမှန်ထိန်းချုပ်မှုလမ်းကြောင်းတလျှောက်မှာ ဒီနေ့ထိ တပ်ဖြန့်ချထားမှုက အလွန်ပုံမှန်မဟုတ်တဲ့ ဖြန့်ကျက်မှုတစ်ခုပဲ” ဟု ဂျိုင်းရှန်ကာက ပြောကြားခဲ့ သည်။

 “နှစ်နိုင်ငံကြား တင်းမာမှုတွေကိုကြည့်ရင် လွန်ခဲ့တဲ့ ၆၂ နှစ်က ပဋိပက္ခကြောင့် မဟုတ်ဘဲ၊ နယ်စပ်မှာ ဒီနေ့ ဖြစ်ပျက်နေတဲ့ ကိစ္စကြောင့်ပါ။ အိန္ဒိယ နိုင်ငံသားတွေ အနေနဲ့ ကျွန်တော်တို့လုံခြုံရေးကို ဘယ်သူကမှ လျစ်လျူမရှုသင့်ပါဘူး။ ဒီနေ့ခေတ်ရဲ့ စိန်ခေါ်မှု တစ်ရပ်ပဲ” ဟု ၎င်းက ဆက်ပြောသည်။ 

၂၀၂၀ပြည့်နှစ်တွင် အိန္ဒိယနှင့် တရုတ်တပ်များသည် ကပ်ရောဂါစတင်သည့်နှစ်တွင်ပင် ဂွါလန်ဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

၂၀၂၀ပြည့်နှစ် မေလကတည်းက တရုတ်တပ်များသည် လာဒတ်ဒေသအရှေ့ပိုင်းရှိ LAC တွင် လက်ရှိ အနေအထားကို ပြောင်းလဲရန် ကြိုးပမ်းလာခြင်းကြောင့် ကင်းလှည့်စခန်း ၁၅ အနီးတွင် ရှေ့တိုးပြီး နှစ်ဖက်စလုံးက တပ်ဖြန့်ချထားခဲ့ရာ ယင်းနေရာသည် ဂွါလန်တိုက်ပွဲနောက်ပိုင်းတွင် အဓိကတိုက်ပွဲ နေရာ ဖြစ်ခဲ့သည်။

LAC တွင် လက်ရှိအနေအထားကို တစ်ဖက်သတ်ပြောင်းလဲရန် ကြိုးပမ်းမှုများကို တားဆီးရန် အဆင့်မြင့် လက်နက်များနှင့်အတူ အိန္ဒိယစစ်သား ငါးသောင်းကျော်သည် ၂၀၂၀ပြည့်နှစ်  မှစတင်၍ LAC တွင် တပ်စွဲ ထားသည်။ 

တရုတ်က အစစ်အမှန်ထိန်းချုပ်မှုမျဉ်း၏ လက်ရှိအနေအထားကို ပြောင်းလဲရန် ကြိုးပမ်းခဲ့သည့် ၂၀၂၀ ပြည့်နှစ် မေလမှစတင်၍ နှစ်နိုင်ငံစစ်ရေးအရ လိပ်ခဲတည်းလည်း ဖြစ်နေသည်မှာ သုံးနှစ်ကျော်သွားပြီဖြစ် သည်။