မြောက်ပိုင်းသုံးဖွဲ့နှင့် စစ်ကောင်စီအကြား ယာယီ အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် လက်မှတ်ရေးထိုးခြင်းသည် တရုတ်နိုင်ငံအတွက် အကျိုးရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

ပုံအညွှန်း-ဒီဇင်ဘာလ ၁၅ရက်က ကျင်းပခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တွေ့ဆုံပွဲ /ဓာတ်ပုံ- ဆင်ဟွာ

မိုးသောက်

မဲဆောက်(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင်ရှိနေသည့် ပဋိပက္ခများကို ဖြေရှင်းခြင်းသည် နိုင်ငံအတွင်းရှိသက်ဆိုင်သူအားလုံးအပါအဝင် တရုတ်နိုင်ငံအတွက်လည်း အကျိုးရှိစေမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားဝန်ကြီးဝမ်ယိက ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ရက်နေ့က အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ သံတမန်များနှင့်တွေ့ဆုံရာတွင်ပြောကြားခဲ့သည်။

အာဆီယံသံတမန်များကို ဝမ်ယိက မြောက်ပိုင်းသုံးဖွဲ့နှင့် စစ်ကောင်စီအကြား ယာယီအပစ်ခတ်ရပ်စဲရေးသဘောတူညီစာချုပ်ကိုလက်မှတ်ရေးထိုးခြင်းကို ထောက်ပြပြောဆိုခဲ့ပြီး ထိုကိစ္စသည်  မြန်မာနိုင်ငံ ၊ တရုတ်နှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် အကျိုးရှိကြောင်း ပြောကြားခဲ့သည်ဟု  တရုတ်နိုင်ငံအခြေစိုက် CGTN သတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်ဖြစ်နေသည့် စစ်အာဏာသိမ်းမှုနှင့်ခုခံတော်လှန်တိုက်ခိုက်မှုများကိုပြည်တွင်းရေးပြဿနာဟုသာပြောပြီး နိုင်ငံအတွင်းရှိ ပြဿနာအားလုံး၏ ဖြေရှင်းရန် အဓိက သော့ချက်သည် မြန်မာပြည်သူများလက်ထဲတွင်သာရှိသည်ဟုလည်း ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့် အတူလက်တွဲကာ မြန်မာ၏ ပြဿနာများကို ကူညီဖြေရှင်းရန် ဆန္ဒရှိကြောင်းလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ ပြဿနာများတွင် တရုတ်သည် အခြားအကျိုးစီးပွားများထက် ၎င်းတိို့၏မဟာဗျူဟာကိစ္စကိုပိုပြီး စိုးရိမ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူဦးသန်းစိုးနိုင်ကပြောသည်။

“စီးပွားရေးလုပ်ငန်းတွေထက်ပိုပြီး အရေးကြီးတဲ့ပြဿနာက တရုတ်ပြည်ရဲ့မဟာဗျူဟာပြဿနာ တရုတ်ပြည်ကမ်းရိုးတန်းအများစုက ပစိဖိတ်သမုဒ္ဒရာကို မေးတင်ထားတယ်။ အိန္ဒိယသမုဒ္ဒရာထွက်ဖို့အတွက် ယူနန်ပြည်က ကုန်းတွင်းပိတ်ဖြစ်နေတဲ့ အတွက် ထွက်ပေါက်မရှိဘူး။ အဲဒီတော့ သူထွက်ချင်ရင် မလွဲမသွေ အာဆီယံနိုင်ငံတခုခုကနေ ထွက်ရမှာ အဲဒီထဲမှာ ပိုပြီးတော့မဟာဗျူဟာအရရေးပါတာက မြန်မာပြည်ဖြစ်နေတာပေါ့ဗျာ “ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံက ဖော်ဆောင်နေသည့် ပိုးလမ်းမစီမံကိန်း နှောင့်နှေးနေခြင်းသည် မြန်မာနိုင်ငံက လက်နက်ကိုင်ခုခံတော်လှန်စစ်များဖြစ်ပွားနေရာဒေသများနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း တရုတ်မြန်မာအရေးကျွမ်းကျင်သူများက ဆိုသည်။

ပိုးလမ်းမစီမံကိန်း အကောင်အထည်မပေါ်မီတွင် တရုတ်က ရှမ်းပြည်မြောက်ပိုင်းဒေသအထိရောက်ရှိပြီးဖြစ်သည့် ရထားလမ်းများမှတဆင့် ရန်ကုန်ဆိပ်ကမ်းကို ကွန်တိန်နာများ ပို့ဆောင်ပြီး ထိုမှတဆင့်  အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ရနေပြီဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ၂၀၂၁ခုနှစ် ဩဂတ်လအတွင်းက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားခဲ့သည်။

ထိုရထားလမ်းဖြတ်သွားရာမြို့များသည်  လက်ရှိတွင် စစ်ကောင်စီနှင့်မြောက်ပိုင်းသုံးဖွဲ့အကြားစစ်ရေးအရအပြင်းအထန်တိုက်ပွဲများဖြစ်ပွားနေသည့်နေရာများဖြစ်သည်။

ပိုးလမ်းမစီမံကိန်းနှောင့်နှေးခြင်းအပြင် အထူးသဖြင့်မြောက်ပိုင်း တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးတွင် အောက်တိုဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်အထိ အမေရိကန်ဒေါ်လာ ၄၄၅ ဒသမ ၅ သန်း ဆုံးရှုံးခဲ့ အမေရိကန်ဒေါ်လာ ဆုံးရှုံးထားရကြောင်း ISP Myanmar ကထုတ်ပြန်ထားသည်။

သို့သော်လည်းတရုတ်နိုင်ငံတွင် စစ်ကောင်စီနှင့်အပြင်းအထန်တိုက်ပွဲများဖြစ်ပွားနေသည့်မြောက်ပိုင်းသုံးအဖွဲ့အကြား တွေ့ဆုံမှုများဖြစ်ပွားခဲ့သကဲ့သို့ သဘောတူညီမှုအချို့ရရှိခဲ့ကြကြောင်းတရုတ်နှင့်စစ်ကောင်စီဘက်က ထုတ်ပြောခဲ့မှုများရှိသည့်အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်က ကျင်းပသည့် အစည်းအဝေးတွင်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုပြောကြားခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီနှင့် တရုတ်ဘက်က ထုတ်ဖော်ပြောဆိုမှုများအရ တွေ့ဆုံပွဲကိစ္စကိုသာသိရှိရသေးပြီး အသေးစိတ်အချက်အလက်များကိုမူ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇စစ်ဆင်ရေးစတင်ချိန်တွင် တရုတ်နိုင်ငံက မီးစိမ်းပြသည်ဟူသည့်ပြောဆိုချက်များရှိပြီး ယခုတွေ့ဆုံပွဲသည်လည်း တရုတ်၏ ကြားဝင်မှုဟု သုံးသပ်သူများလည်းရှိသည်။

ထိုသို့သုံးသပ်မှုများနှင့်ပတ်သက်ပြီး တရုတ်မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက” တရုတ်က သူ့အကျိုးကျေးဇူးရှိရင်လက်ခံမယ်။ အကျိုးကျေးဇူးမရှိရင် လက်မခံဘူးဖြစ်မှာပေါ့” ဟုပြောသည်။

ပြီးခဲ့သည့်သောကြာနေ့က အာဆီယံသံတမန်များနှင့်တွေ့ဆုံပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံ၏ဆောင်ရွက်မှုများကိုထောက်ခံပြီး ပူးပေါင်းဆောင်ရွက်မည်ဟု ပြောကြားခဲ့ကြောင်း တရုတ်အာဏာဘော် ဆင်ဟွာသတင်းဌာန၏ဖော်ပြချက်တွင် တွေ့ရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး