ဖိလစ်ပိုင်သမ္မတက မြန်မာတွင် အကြမ်းဖက်မှုတို့ ပိုမိုဆိုးဝါးလာမှုကို ရှုတ်ချပြီး ကိုင်တွယ်ဖြေရှင်းရေး အာဆီယံကို တိုက်တွန်း

CNN

မြန်မာတွင် ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေမှုကို ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ရှုတ်ချပြီး မြန်မာ၌ အကြမ်းဖက်မှုတို့ ပိုမိုဆိုးဝါးလာမှုကို ကိုင်တွယ်ဆောင်ရွက်ရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို တိုက်တွန်းသည်။

“ပါဝင်ပတ်သက်တဲ့ သက်ဆိုင်သူအားလုံးနဲ့ တက်တက်ကြွကြွ ဆက်ဆံပတ်သက်မှုကနေတဆင့် မြန်မာပြည်သူတွေရဲ့ အတိဒုက္ခနဲ့ ပိုပြီးဆိုးဝါးလာတဲ့ အကြမ်းဖက်မှုတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်ဆိုတာကို အသိအမှတ်မပြုဘဲနဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအကြောင်း ဆွေးနွေးလို့ မရနိုင်ပါဘူး” ဟု မားကို့စ်က ဒီဇင်ဘာ ၁၇ ရက်တွင် ပြောသည်။

ဖိလစ်ပိုင်သမ္မတသည် အာဆီယံ-ဂျပန် မိတ်ဆွေဖြစ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးအတွက် တိုကျိုတွင် ရောက်ရှိနေခြင်းဖြစ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဘုံသဘောတူညီချက်ငါးရပ်၊ ကုလသမဂ္ဂ ယန္တရားနှင့် AHA စင်တာ (လူသားချင်းစာနာမှု အကူအညီများအတွက် အာဆီယံ ညှိနှိုင်းဆောင်ရွက်ရေးစင်တာ) တို့မှနေတဆင့် မြန်မာ၌ အကြမ်းဖက်မှုတို့ မြင့်တက်နေခြင်းကို ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း ၎င်းက ပြောသည်။

အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်ရေး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ တောင်းဆိုချက်ကို မြန်မာအာဏာသိမ်းစစ်အုပ်စုက စက်တင်ဘာလတွင် ပယ်ချပြီး အာဆီယံအဖွဲ့ဝင်များ၏ အမြင်များက ဘက်လိုက်ပြီး တဖက်သတ်ဆန်သည်ဟု ပြောသည်။

မြန်မာတွင် ၂၀၂၁ ၊ ဖေဖေါ်ဝါရီက စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်အကြာတွင် အာဏာသိမ်းမှု ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူများနှင့် အရပ်သား ၃,၀၀၀ ထက်မနည်း သေဆုံးခဲ့ရသည်ဟု သတင်းများအရ သိရသည်။