ဖာပွန်တွင် နှစ်၃၀ခန့်တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို တပ်ပေါင်းစုတိုက်ခိုက်သိမ်းပိုက်

ပုံအညွှန်း- သိမ်းပိုက်ရရှိသည့် စစ်ကောင်စီ၏ ဖဲထာစခန်း (FFD)

ဂျူချန်း(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ KNU တပ်မဟာ(၅) နယ်မြေမှ စစ်ကောင်စီ၏ အဓိကခံစစ်စခန်းတခုကို KNU/KNLAနှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း Force for Federal Democracy (FFD)က ယနေ့ ဒီဇင်ဘာလ ၁၈ရက်တွင် သတင်းထုတ်ပြန်သည်။

ကရင်ပြည်နယ်နှင့်ကရင်နီပြည်နယ်အစပ် သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီ၏ ပွိုင့်၉၃၉ မဆုတ်တမ်းခံစစ်စခန်းဖြစ်သည့် ဖဲထာတပ်စခန်းကို ပူးပေါင်းတပ်များမှ ယမန်နေ့ ဒီဇင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဟု သိရသည်။

ထီးထစခန်းသည် စစ်ကောင်စီအင်အား ၁၂၀ ခန့်နှင့် ကွန်ကရစ်ကတုတ်ကျင်းကြီး၊ငယ် ၃၀ ခန့်ဖြင့် အခိုင်အမာတပ်စွဲထားသော စခန်းဖြစ်သောကြောင့် တိုက်ပွဲအလွန်ပြင်းထန်ခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရသည်ဟု FFD ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

စစ်ကောင်စီတပ်က နှစ်ပေါင်း ၃၀ ခန့် အခိုင်အမာတပ်စွဲပြီး ခြေကုပ်ရယူထားသော စခန်းကြီးဖြစ်ကာ KNU/KNLAနှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ရက်ပေါင်း ၂၀ ခန့် တိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၇ရက် နေ့လည် ၁ နာရီခန့်တွင် အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

” ရန်သူ၏စခန်းအနီးတွင် ယာယီစခန်းတခုထားကာ ရက်ပေါင်း ၂၀ နီးပါး နေ့စဉ်တိုက်ခိုက်နေခဲ့ပြီး
ရန်သူ၏ စိတ်ဓာတ်နှင့်ခံစစ်ဖွဲ့စည်းပုံကို ဖွဲမီးသဏ္ဍန် တိုက်စစ်ဖြင့် တမြေ့မြေ့ခြွေချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်” ဟု FFD က ထုတ်ပြန်သည်။

စခန်းအတွင်း သေဆုံးနေသည့် စစ်ကောင်စီတပ်သားအလောင်းများနှင့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း FFD မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိပြီး နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်နေဆဲဖြစ်၍ စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုကို အတိအကျမသိရသေးဟု ၎င်းကဆိုသည်။

စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေစဉ်အတွင်း စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် စစ်လက်နက်များ ချပေးကာ စစ်ကူပေးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်းလည်း ဆိုသည်။ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိသော်လည်း အရေအတွက်အတိအကျကိုမူ မသိရသေးပေ။ စစ်ကောင်စီက တရားဝင်သတင်းမထုတ်ပြန်သေးသလို စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများတွင်လည်း ဖဲထာတပ်စခန်းသတင်းအကြောင်း ယနေ့ဒီဇင်ဘာလ ၁၈ရက်နံနက်အထိ ဖော်ပြထားခြင်းမရှိသေးပေ။ ကရင်အမျိုးသားအစည်းအရုံး(KNU)ကလည်း သတင်းထုတ်ပြန်ထားသည်ကိုမတွေ့ရသေးပေ။

Force for Federal Democracy (FFD)သည် KNLA ၏ စစ်ရေး ဦးဆောင်မှု၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်။

ဖဲထာတပ်စခန်းကို ထီးထတပ်စခန်း၊ မို့လို့ကျိုးတပ်စခန်းဟုလည်း ဒေသခံများက ခေါ်ကြသည်။ ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်အစပ်ဒေသ သံလွင်မြစ်ကြောင်းအား ထိန်းချုပ်နိုင်ရေးအတွက် အရေးပါသည့် တပ်စခန်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

KNUတပ်မဟာ(၅) နယ်မြေတွင် ဒီဇင်ဘာလ ၁ရက်နေ့မှ ၁၅ ရက်နေ့အတွင်း KNLAနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲ (၆၂)ကြိမ်ဖြစ်ပွားခဲ့သည်။တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ရှစ်ဦးသေဆုံးပြီး တပ်ကြပ်ကြီးအပါအဝင် ၃၅ ဦး ဒဏ်ရာရကာ စစ်ကောင်စီတပ်၏ အဆောက်အဦး ၁၄ လုံးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း KNU-မူတြော်သတင်းစဉ်မှ ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း