မြန်မာဘက်က ဝင်လာသည့် ခရီးသည်ကားပေါ် စိတ်ကြွဆေးပြား ၃၀,၀၀၀ ကျော် စစ်ဆေးတွေ့ရှိ

ပုံအညွှန်း -စစ်ဆေးတွေ့ရှိရတဲ့ စိတ်ကြွဆေးပြားများအားတွေ့ရစဉ်။

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် မဲဆောက်-မြ၀တီ အမှတ် (၁) ချစ်ကြည်ရေးတံတားတွင် ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်နေ့ ညနေပိုင်းက မြန်မာဘက်က တရားဝင် ဝင်ရောက်လာသည့် ခရီးသည်ကား တစီးပေါ်၌ စိတ်ကြွဆေးပြား ၃၀,၀၀၀ ကျော်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရ သည်။

အဆိုပါ တရားမဝင် ခိုးသယ်လာသည့် စိတ်ကြွဆေးပြား ၃၁,၁၁၆ ပြားကို မြ၀တီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတား စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ပြီး ထိုင်းဘက်ကို ရောက်ရှိချိန် ထိုင်းအာဏာပိုင်အဖွဲ့ တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိပြီးနောက် မဲဆောက်ရဲစခန်းတွင် ထိုင်းမီဒီယာများကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ချိန် အရေအတွက် အတိကျကို သိရခြင်း ဖြစ်ကြောင်း တံတားအနီး နေထိုင်သောသတင်းအရင်းမြစ် တဦးထံမှ သိရသည်။

“မနေ့ ညနေပိုင်းက စစ်ဆေးတွေ့ရှိတာပါ၊ ပိုင်ရှင်က အမျိုးသမီး နှစ်ယောက်လို့ ပြောတယ်၊ အခုတော့ လွတ်မြောက်နေတယ်၊ လောလောဆယ်တော့ ကားသမားကို ထိုင်းအာဏာပိုင်တွေက ခေါ်ယူစစ်ဆေးနေတယ်”လို့ တံတားအနီး နေထိုင်သူ သတင်းအရင်းမြစ်က ဆိုသည်။

အဆိုပါ စိတ်ကြွဆေးပြား ၃၀,၀၀၀ ကျော်ကို လွယ်အိတ်ဖြင့် Super Custom အမျိုးအစား ခရီးသည်တင်ကားပေါ်တွင် တင်ဆောင်လာခြင်း ဖြစ်ပြီး တရားဝင်နိုင်ငံကူးစာအုပ်ဖြင့် ထိုင်းဘက်ကို ဝင်ရောက်လာသော ပိုင်ရှင်ဟု ယူဆရသည့် မြန်မာနိုင်ငံသား အမျိုးသမီး နှစ်ဦး၏ ပစ္စည်းများ ဖြစ်နိုင်ကြောင်း ထိုင်းအာဏာပိုင်အဖွဲ့၏ CCTV မှတ်တမ်းများအရ သိရသည်ဟု မဲဆောက်ရဲစခန်း၌ ယမနေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုင်းရဲတပ်ဖွဲ့က ပြောဆိုခဲ့သည့် အချက်အလက်များအရသိရသည်။

“အရင်းက ဒီလမ်းကနေ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတာ ဖမ်းဆီး စစ်ဆေးမိတာ သိပ်မကြားရပါဘူး၊ အခုမှပဲ ကြားရတာ၊ ပုံမှန်အားဖြင့် အောက်လမ်းကနေ ခိုးသယ်တာရှိမှာ ဖြစ်တယ်”ဟု အထက်ပါသတင်း အရင်းမြစ်က ထပ်ပြီး ပြောဆိုထားသည်။

လက်ရှိ ထိုင်းအာဏာပိုင် အဖွဲ့က ဖမ်းဆီးစစ်ဆေးရမိသည့် အဆိုပါမူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး ယာဉ်မောင်းသူအား ဖမ်းဆီးထားသော်လည်း အဆိုပါ စိတ်ကြွဆေးများအား သယ်ဆောင်လာခြင်းကို ယာဉ်မောင်းသူက မသိရှိကြောင်း၊ ၎င်းပိုင်ပစ္စည်းမဟုတ်ကြောင်းနှင့် ၎င်းပစ္စည်းဖြစ်ပါက စစ်ဆေးမခံဘဲ အချိန်မရွေး ထွက်ပြေးနိုင်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးစဉ် ၎င်းက ငြင်းဆိုထားသည်။

ထို့ကြောင့် လက်တလောတွင် ပိုင်ရှင်ဟုယူဆရသော အမျိုးသမီးနှစ်ဦး သည်၊ ထွက်ပြေးလွတ်မြောက်နေ၍ ယာဉ်မောင်းသူ ဇော်ဝင်းမောင် ဆိုသူအား ထိုင်းအာဏာပိုင်အဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိနေသည်။

လက်ရှိ ပိုင်ရှင်ဟု ယူဆရသော ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီး နှစ်ဦးကို ဖမ်းဆီးရမိရေး မဲဆောက်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ထိုင်းသတင်းဌာန တခုဖြစ်သော Mae Sot Media တွင် ရေးသားဖော်ပြထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)