စစ်အာဏာရှင် နှစ် ၆၀ ကျော်အုပ်ချုပ်ခဲ့သည့် နမ့်ဆန်မြို့ကိုသိမ်းပိုက်ပြီး တအောင်းပြည်သူများထံ ပြန်လည်အပ်နှံလိုက်ပြီဟု TNLA ထုတ်ပြန်

ရွှေနွယ်(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နန့်ဆန်မြို့အား စစ်အာဏာရှင်ထံမှပြန်လည်သိမ်းပိုက်ခဲ့ပြီး တအောင်း ပြည်သူများထံ ပြန်လည်အပ်နှံလိုက်ပြီဖြစ်ကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ထား သည်။

နန့်ဆန်မြို့အား ဒီဇင်ဘာလ ၁၀ ရက်နေ့မှစတင်ကာ PSLF/TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ခြောက်ရက်ကြာ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မြို့တွင်ရှိနေသည့် စစ်ရေးအရ ဗျူဟာကျ သည့်တပ်စခန်းများဖြစ်သော ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)နှင့် ၎င်း၏ လက်အောက်ခံတပ်ဖြစ်သည့် ခလရ(၂၅၈)မှ လာရောက်အခြေချကွပ်ကဲသည့် စစ်ကောင်စီတပ်စခန်းကြီးနှင့် စစ်ကောင်စီအခြေချရာ စခန်းနေရာအားလုံးကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယခုသိမ်းပိုက်ခဲ့သော နန့်ဆန်မြို့သည် နှစ်ပေါင်း ၆၄ နှစ်ကြာ စစ်အာဏာရှင်များ၏ အုပ်ချုပ်ချယ်လှယ် ခြင်းကိုခံခဲ့ရသည့် တအောင်းစော်ဘွားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ကြောင်းလည်း TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နန့်ဆန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်အခြေစိုက်ရာနေရာများဖြစ်သော ကဒိုင်းဖူးတပ်စခန်း၊ တပ်မတော် လက်ဖက်ခြောက်စက်ရုံ၊ နန့်ဆန်ရဲစခန်း၊ နန့်ဆန်စစ်တပ်ကုန်းစခန်း၊ ဆောက်လုပ်ရေးကုန်း၊ မဟာမြတ် မုနိဘုရားရှိ စစ်ကောင်စီတပ်စခန်းနှင့် စစ်ကောင်စီဌာနဆိုင်ရာနေရာများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီခန့်မှစတင်ကာ နန့်ဆန်မြို့ကို ထိန်းချုပ်ထားနိုင်ခြင်းဖြစ်ပြီး လက်ရှိ တွင် မြို့အား ပိုင်ပိုင်နိုင်နိုင် သိမ်းပိုက်ထားနိုင်သည့်အခြေအနေဖြစ်သည်ဟု TNLA ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က မဇ္ဈိမကိုပြောသည်။

“နန့်ဆန်မြို့ကို TNLA က သိမ်းပိုက်ထားနိုင်ပြီလို့ ပြောလို့ရပါတယ်။ မြို့ထဲမှာ စစ်ကောင်စီတပ်သားတွေ မရှိတော့ပါဘူး။ ၁၅ ရက်နေ့က သိမ်းပြီးနောက် စစ်ကောင်စီတပ်သားတွေ ထွက်ပြေးတယ်။ တချို့ အရှင်မိ တာလည်း ရှိတယ်။ ထွက်ပြေးသွားသူ ၂၀ လောက်နဲ့ ၁၆ ရက်နေ့မှာ ထိတွေ့မှုဖြစ်တယ်။ ကျန်တာတော့ စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှု မရှိတော့ဘူး”ဟု နန့်ဆန်မြို့သိမ်းပိုက်ထားနိုင်မှုအခြေအနေ နှင့် ပတ်သက်၍ TNLA ၏ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က မဇ္ဈိမကိုပြောသည်။

နန့်ဆန်မြို့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၆၀ ကျော်သေဆုံးခဲ့၍ တပ်ဖွဲ့ဝင် ၃၀ နှင့် မိသားစု ဝင် သုံးဦး၊ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးနှင့် မိသားစုဝင် ၂၅ ဦး၊ စုစုပေါင်း ၆၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ် ပြန်ချက်တွင် ဆိုထားသည်။ ထုတ်ပြန်ချက်ပါ စစ်ကောင်စီတပ်သား သေဆုံးမှုအရေအတွက်နှင့် ပတ်သက် ၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ချိန်မှစတင်၍ ယနေ့အထိ စစ်ဆင်ရေး ၅၃ ရက်တာကာလအတွင်းတွင် TNLA အနေဖြင့် နန့်ဆန်မြို့နှင့်အတူ ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းလုံမြို့တို့ကို ပိုင်ပိုင်နိုင်နိုင် သိမ်းပိုက်ထား နိုင်ပြီဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်ကဆိုသည်။

နန့်ခမ်းမြို့နှင့် မန်တုန့်မြို့တို့တွင်မူ စစ်ကောင်စီတပ်စခန်းအချို့ ကျန်ရှိနေသေးသည့်အတွက် အလုံးစုံ သိမ်းပိုက်နိုင်ပြီဟုပြော၍ မရသော်လည်း ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

နမ့်ဆန်တပ်စခန်းကို တအာင်းတပ်မတော်(PSLF/TNLA) က တိုက်ခိုက်နေစဥ် စစ်ကောင်စီတပ်က အရပ် ဘက်ပစ်မှတ်များသို့ ဦးတည်တိုက်ခိုက်မှုကြောင့် ဒေသခံသုံးဦးသေဆုံးခဲ့ကြောင်း၊ ဘာသာရေးအဆောက် အဦးများ၊ ပတ္တမြားစေတီရှိ ဘုရားများ၊ နမ့်ဆန်မြို့မဂိုဏ်းချုပ်ကျောင်း၊ ငွန်ဆိုင်းကျေးရွာ အ.မ.က ကျောင်း ဆောင်နှင့် လူနေအိမ် ၄၀ ကျော် လေယာဥ်ဗုံးစထိမှန်ပျက်စီး၍ နေအိမ် ၁၄ လုံး မီးလောင်ပျက်စီးခဲ့ရ ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဇာအမြောက် လေးစင်း၊ လက်နက်မျိုးစုံ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများကိုလည်း TNLA မှ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ