တိုက်ပွဲပြင်းထန်နေ၍ မြဝတီဒေသခံများ သောင်းရင်းမြစ်အနီး တိမ်းရှောင်

YT

(မဇ္ဈိမ)။ ။ ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) ၊ မြန်မာဘက်ခြမ်းတွင် တိုက်ပွဲများ ပြင်းထန်နေ၍ မြဝတီမြို့ခံများ သောင်ရင်းမြစ်ကမ်းတလျှောက် တိမ်းရှောင်နေကြကြောင်း ဒေသခံများထံက သိရသည်။

အမှတ် (၂)တံတားအောက်၌ ပုန်းရှောင်နေသည့် ခလရ (၂၇၅) မှ စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား ယမန်နေ့ ဧပြီလ ၁၉ ရက် ည ၁၁ နာရီ ၃၀ မိနစ် ဝန်းကျင်မှစ၍ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး လက်ရှိ ဧပြီလ ၂၀ ရက် နံနက် ၈ နာရီ ၂၀ မိနစ်အထိ ပစ်ခတ်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

“ကျမတို့နေတာက (၈) ဂိတ်နားမှာပါ။ ကျမတို့နဲ့ နီးနီးလေးပဲ။ (၁၃)ဂိတ် (၁၄) ဂိတ်နားမှာလည်း အသံကျယ်လောင်မှု တော်တော်များများကြားနေရပါတယ်။ လက်နက်ကြီးကတော့ ရွှေဇင်ထူး ရုပ်ရှင်ရုံ အရှေ့ ပတ္တမြားဓါတ်ဆီဆိုင် အထိတော့ ကျတယ်။ (၈)ဂိတ်၊ (၁၃)ဂိတ်၊ (၁၄)ဂိတ်ကလူတွေ တယောက်မှ မနေရဲတော့ဘူး။ အကုန်လုံး အထုပ်တွေအပိုးတွေ ပြင်ပြီး ထွက်ပြေးကြတယ်။ ဟိုဘက် မဲဆောက်နဲ့နီးတဲ့ ကမ်းနားဘက်ခြမ်းကို အကုန်လုံးထွက်ပြေးကြတယ်” ဟု ဒေသခံအမျိုးသမီးတဦးက ပြောသည်။

လတ်တ‌လောတွင် မြဝတီမြို့တွင်းနှင့် (၈)ဂိတ်၊ (၁၃)ဂိတ်၊ (၁၄)ဂိတ်၊ ရေပူ၊ ဝါးတော စသည့် နေရာများမှ ဒေသခံများသည် ထိုင်း- မြန်မာနယ်စပ် သောင်းရင်းမြစ်ဘေးတွင် စုဝေးနေကြသည်ဟု ဆိုသည်။

“လောလောဆယ်တော့ ဟိုဘက်ခြမ်းကို ပေးမကူးသေးဘူး။ အကုန်လုံး ကမ်းနားမှာပဲ စုပြုံနေတာပေါ့” ဟု အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

လက်ရှိတွင် မြဝတီမြို့၌ အင်တာနက်၊ ဖုန်းလိုင်း၊ လျှပ်စစ်မီးများ ပြတ်တောက်နေသဖြင့် ထိုင်းဆင်းမ်ကဒ်များကို အသုံးပြုနေရကြောင်းလည်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ