အလင်းဝင်ရန်ကမ်းလှမ်းချက်အား ငြင်းဆန်သည့် ထယ်ဘွေ့စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

ပုံအညွှန်း – ထယ်ဘွဲ့စစ်ကောင်စီတပ်စခန်း

ပါခွီး(မဇ္စျိမ) ။ ။ အလင်းဝင်ရန်အကြိမ်ကြိမ် ကမ်းလှမ်းခဲ့‌သော်လည်း လာရောက်ပူးပေါင်းခြင်းမရှိသည့် မတူပီမြို့နယ်မှ ထယ်ဘွေ့စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကစတင်တိုက်ခိုက်နေပြီဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi က အသိပေးသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၄၀ ဦးခန့် တပ်စွဲထားသော ထယ်ဘွေ့စခန်းကို ယနေ့ ဒီဇင်ဘာလ ၁၈ရက် နံနက် ၇နာရီဝန်းကျင်အချိန်မှ စတင်တိုက်ခိုက်နေ ခြင်းဟု သိရသည်။

” ၂၀၂၁ခုနှစ်ကတည်းကအလင်းဝင်ဖ်ို့ကိုစပြောထားပြီးသားပါ။ လတိုင်းလည်းဆက်သွယ်ပါတယ်။ သူတို့ဖက်ကတော့ အသေအကျေတိုက်ကြမယ်လို့ တုံ့ပြန်ပါတယ်။ ဒီမနက်မှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူး ပေါင်းပြီးစတိုက်နေတာ ဖြစ်ပါတယ်” ဟု CDF – Matupi ရဲ‌ဘော်တဦးက မဇ္စျိမကို ပြောသည်။

ထယ်ဘွေ့စခန်းသည်စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၃၀၄) လက်အောက်ခံဖြစ်သည်။ အဆိုပါစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် CDF – Matupi ၊ CDF – Mindat , CNDF , CDF – Lautu တို့ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

ထယ်ဘွေ့စခန်းမှ စစ်ကောင်စီတပ်သားများသည် တပတ်လျှင် ပုံမှန်သုံးလေးကြိမ်ခန့် အနီးနားရှိကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်လေ့ရှိကြောင်း ချင်းကာကွယ်ရေးရဲဘော်အချို့ကပြောသည်။ တိုက်ပွဲအခြေအနေကို အသေးစိတ်မသိရှိရသေးပေ။

ချင်းပြည်နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များက စခန်းသိမ်းတိုက်ပွဲများဆင်နွှဲလျက်ရှိရာ မတူပီမြို့နယ်အတွင်း လိုင်လင်းပီနှင့် ရေဇွာစစ်ကောင်စီတပ်စခန်းများကို နိုဝင်ဘာလ အတွင်း၌ တိုက်ခိုက်သိမ်းပိုက်ထားသည်။

လက်ရှိကာလတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ကချင်ပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးအင်အားစုများကတိုက်ခိုက်မှု အရှိန်မြှင့်နေသည်။ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ အလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြရန် တိုက်တွန်းထားကြသည်။ အလင်းမဝင်ပါက တိုက်ခိုက်သွားမည်ဟုလည်း သတိပေးထားကြသည်။

စာတည်း – အေးချမ်း