ပင်လယ်ပြင် အငြင်းပွားမှု၌ ဖိလစ်ပိုင်က ‘စံနမူနာပြ အရွေ့များ’ ဖော်ဆောင်ရန် လိုအပ်ဟု မားကို့စ် ပြော 

သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ/Photo:EPA

Inquirer.Net 

တရုတ်နှင့် ပင်လယ်ပြင် အငြင်းပွားမှုအား ဖိလစ်ပိုင်နိုင်ငံက ချည်းကပ်ရာတွင် “စံနမူပြ အရွေ့များ” ဖော်ဆောင်ရန် လိုအပ်သည်ဟု သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောပြီး ပေကျင်းနှင့် သံတမန်ရေးရာ အားထုတ်မှုများသည် “အဆိုးဘက်” သို့ ဦးတည်နေပြီး “ဖြစ်ထွန်းတိုးတက်မှု အလွန်ကို နည်းပါးနေသည်” ကို ပြသနေကြောင်း မှတ်ချက်ပြုသည်။ 

“ပင်လယ်ပြင် အငြင်းပွားမှုမှာ ပါဝင်နေတယ်လို့ နိုင်ငံတွေက ခံစားနေရတယ် အချိန်အခါပါပဲ၊ ကျွန်တော်တို့အနေနဲ့ စံနမူနာ အရွေ့နဲ့အတူ ချည်းကပ်သွားရမှာ ဖြစ်တယ်”ဟု Mainichi Shimbun နှင့် ဒီဇင်ဘာ ၁၆ ရက်က မေးမြန်းခန်းတွင် မားကို့စ်က ပြောပြီး ထို မေးမြန်းခန်း တစိတ်တဒေသကို ဖိလစ်ပိုင်သမ္မတရုံးက အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။ 

တရုတ်ဘက်တွင်လည်း ဖိလစ်ပိုင်အနေဖြင့် “အပြစ်မလွတ်သော လုပ်ရပ်များ” တွင် ဆက်လက် ပတ်သက်နေပြီး တောင်တရုတ်ပင်လယ်အရေး၌ အခြားသော နိုင်ငံကို ပါဝင်စေခဲ့လျှင် “ဖိလစ်ပိုင်၏ အကျိုးစီးပွားနှင့် ဒေသ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးက အချည်းနှီး ဖြစ်လိမ့်မည်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးသည်။ 

“ဖိလစ်ပိုင်အနေနဲ့ နိုင်ငံကြီးအချို့ကို အားကိုးပြီး တရုတ်၏ အခရာ အကျိုးစီးပွားနဲ့ ပတ်သက်တဲ့ အရေးအရာတွေမှာ တရုတ်ကို အကျပ်ကိုင်လာမယ်ဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သဘောပေါက်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်၊ အဆုံးမှာ ဖိလစ်ပိုင်ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားနဲ့ ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးသာ အချည်းနှီး ဖြစ်ရလိမ့်မယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝန်ဝင်ပင်းက ပြောသည်။ 

“ဘယ်လိုပဲ ဖိလစ်ပိုင်ဘက် လုပ်နေပါစေ ဒီ အချက်အလက်တွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါ”ဟုလည်း တနင်္လာနေ့က ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောခဲ့သည်။ 

အငြင်းပွား ရေပြင်က ထိပ်တိုက်တွေ့မှုများသည် ဖြစ်ရပ်တိုင်း၌ ဖိလစ်ပိုင်က သံခင်းတမန်ခင်း သမရိုးကျ ပုံစံဖြင့် ချည်းကပ်ခြင်းနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ကန့်ကွက်ခြင်းများ ပေးပို့ခြင်းများဖြင့်သာ ‘ပုံသေ’ ဖြစ်နေပြီဟု မားကို့စ်က ဝန်ခံသည်။ 

“ကျွန်တော်တို့တွေ ဒီလိုပဲ လုပ်နေခဲ့တာဟာ နှစ်တွေ ကြာပြီ၊ တော်တော်လေး တိုးတက်ဖြစ်ထွန်းမှု နည်းတယ်”ဟု အာဆီယံ-ဂျပန် ထိပ်သီးအစည်းအဝေးအတွက် ဂျပန်သို့ ရောက်နေသည့် သမ္မတ မားကို့စ်က ဆိုသည်။ 

“အရင်က မလုပ်ဖူးတာတွေ တခုခုတော့ ကျွန်တော်တို့ လုပ်ရလိမ့်မယ်၊ မူသစ်၊ အတွေးသစ်နဲ့ အသိအမြင်သစ်တွေနဲ့ ကျွန်တော်တို့ လုပ်ဆောင်မှပဲ အရွေ့ရှိလာပါလိမ့်မယ်၊ အခြား လမ်းကြောင်းက သွားဖို့ လိုအပ်ပါပြီ၊ ဒါကြောင့် စံပြအရွေ့ဟာ ကျွန်တော်တို့တွေ ဖော်ဆောင်ရမယ် အရာပါပဲ”ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။)