မြန်မာစစ်တပ်အား စစ်ရာဇဝတ်မှုဖြင့် စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ တိုက်တွန်း

ပုံဟောင်း/Photo:AFP

Aljazeera − လွန်ခဲ့သော သုံးနှစ်နီးပါးက အာဏာသိမ်းချိန်မှစကာ မြန်မာစစ်ဗိုလ်ချုပ်များအတွက် အကြီးမားဆုံး စိန်ခေါ်မှုအဖြစ် ထွက်ပေါ်လာသော တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့နှင့် အာဏာသိမ်းမှု ဆန့်ကျင်သော တော်လှန်ရေးသမားများ၏ ထိုးစစ်သစ်အပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ခြင်းအတွက် မြန်မာစစ်တပ်အား စုံစမ်းစစ်ဆေးသင့်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့( AI )က ပြောသည်။

အောက်တိုဘာနှောင်းပိုင်း၌ MNDAA၊ TNLA နှင့် AA တပ်ဖွဲ့များသည် ရှမ်းမြောက်နှင့် ရခိုင်အနောက်ပိုင်းတို့၌ ၁၀၂၇ စစ်ဆင်ရေးကို စတင်ဆင်နွှဲပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိကာ အာဏာသိမ်းစစ်တပ် စခန်း ရာနှင့်ချီအပြင် တရုတ်နယ်စပ်အနီးက အဓိကမြို့များကို ထိန်းချုပ်နိုင်ခဲ့သည်။

အဆိုပါ ညီနောင်သုံးဖွဲ့ မဟာမိတ်အဖွဲ့တွင် အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များပါ ပူးပေါင်းပါဝင်ခဲ့ကာ စစ်တပ်က ပြင်းပြင်းထန်ထန် တုံ့ပြန်ပြီး ဖြတ်လေးဖြတ် မဟာဗျူဟာကို ကျင့်သုံးလာခဲ့သည်။ ထို ဖြတ်လေးဖြတ်သည် စားနပ်ရိက္ခာ၊ ရန်ပုံငွေနှင့် သတင်းအချက်အလက်များ တော်လှန်ရေးအဖွဲ့များ မရရှိအောင် အရပ်သားများနှင့် ပစ်မှတ်ထား ခွဲခြားပစ်သည့် ဗျူဟာပဲ ဖြစ်သည်။

စစ်တပ်က “တရားမဲ့ သတ်ဖြတ်ခြင်း၊ ထင်ရာစိုင်း ဖမ်းဆီးခြင်းနှင့် ပြည်သူများထံမှ ခိုးယူခြင်းများ” ရှိနေသည်ဟု ကြုံတွေ့ခဲ့ရသည့် ပြည်သူများကို မေးမြန်းကာ AI က ကြာသပတေးနေ့တွင် အစီရင်ခံစာ ထုတ်ပြန်သည်။

၂၀၂၁ ဖေဖော်ဝါရီမှစကာ မြန်မာနိုင်ငံ၌ ဖြစ်ပွားသော ပဋိပက္ခတိုက်ပွဲများကြောင့် ပြည်သူနှစ်သန်းကျော် နေအိမ်စွန့် ထွက်ပြေးရကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။

“မြန်မာစစ်တပ်ဟာ အရပ်သားတွေအတွက် ကြီးကြီးမားမား ပျက်စီးဆုံးရှုံးစေတဲ့ အရမ်းကာရော တိုက်ခိုက်မှုတွေနဲ့အတူ သွေးစွန်းနေတယ်၊ လက်နက်ကိုင်အုပ်စုတွေရဲ့ ထိုးစစ်ကြီးကိုလည်း လူမဆန်စွာ ရက်ရက်စက်စက် တုံ့ပြန်နေတယ်”ဟု AI ၏ အကျပ်အတည်း တုံ့ပြန်ရေး စီမံကိန်း ဒါရိုက်တာ မတ်ဝဲလ်စ်က ထုတ်ပြန်ချက်တွင် ပြောသည်။ “အာဏာသိမ်းပြီး သုံးနှစ်နီးပါးမှာ မြန်မာနိုင်ငံအနှံ့က ပြည်သူတွေရဲ့ ဘေးဒုက္ခဟာ လျော့ပါးသွားမယ့် လက္ခဏာမရှိဘူး၊ နိုင်ငံတကာ လုပ်ငန်းစဉ်မှာလည်း မြန်မာ့အရေးက အရာ မရောက်ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

ထင်ရာစိုင်း တိုက်ခိုက်မှုများ

AI က အသေးစိတ် ဖော်ပြသော ဖြစ်ရပ်များတွင် ရခိုင်ပြည်နယ်၌ ရဲစခန်းအား AA က သိမ်းပိုက်လိုက်ပြီးနောက် ပေါက်တောမြို့ကို နိုဝင်ဘာ ၆ ရက်က တိုက်ခိုက်မှုပဲ ဖြစ်သည်။

မြို့အား နံနက်ပိုင်း တိုက်ခိုက်မှု ဆင်နွှဲပြီးနောက် စစ်တပ်သည် ပေါက်တောမြို့နေ ၂၀,၀၀၀ ကျော်ကို ရွှေ့ပြောင်းရန် အချိန် တနာရီ ပေးခဲ့သည်။

အချို့မှာ မထွက်ခွာနိုင်ကြာဘဲ အိမ်မှာထက် ဘေးပိုကင်းမည် အထင်ဖြင့် မြို့ပြင်ရှိ လောကထိပ်ပန် ဘုရားဝင်းတွင် ခိုလှုံခဲ့ကြသည်။

နေ့လယ်ပိုင်း၌ စစ်တပ်သည် Mi-24 Hind ရဟတ်ယာဉ်များမှ S-5K ဒုံးကျည်များ ကြဲချခြင်းနှင့် သင်္ဘောများပေါ်မှ 40mm ပေါက်ကွဲအားပြင်း အမြောက်များ ပစ်ခတ်ခြင်းနှင့်အတူ မြို့ကို ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများ စတင်ကြောင်း လက်နက်များနှင့် စစ်ပစ္စည်းများကို ဖော်ပြသော ဗီဒီယိုနှင့် ဓာတ်ပုံများကို သုံးသပ်ပြီး AI က ဆိုသည်။

“လူနေဧရိယာတွေမှာ ဒီလို မတိကျတဲ့ လက်နက်တွေ သုံးတာဟာ စစ်တပ်အနေနဲ့ အရပ်ဘက်ဆိုင်ရာနဲ့ စစ်ရေးပစ်မှတ်ကြား ခွဲခြားနိုင်တဲ့ စွမ်းရည်အပေါ် စိုးရိမ်ပူပန်မှု မြင့်တက်စေတယ်”ဟု အစီရင်ခံစာတွင် ဖော်ပြသည်။ “ဒီ တိုက်ခိုက်မှုတွေဟာ ထင်ရာစိုင်းတာပဲ ဖြစ်နိုင်တယ်၊ စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးသင့်တယ်”ဟု AI ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ယင်းနောက်၌ ဘုရားဝင်းအတွင်းသို့ စစ်သားများ ဝင်ရောက်လာခဲ့ပြီး ပုန်းအောင်းနေကြသူများကို ဖမ်းဆီးသွားကြောင်း AI သို့ မျက်မြင်များက ပြောသည်။ ကိုယ်ဝန်သည်တဦး အပါအဝင် အမျိုးသမီးသုံးဦး သတ်ဖြတ်ခံရသည်ဟု မျက်မြင်များက ပြောသည်။

လူ ၁၀၀ ကျော်တွင် အချို့ကို လက်နောက်ပြန် ကြိုးတုပ်ပြီး မိုးသည်းနေသည့်ကြားမှ ညပိုင်း၌ ဘုရားဝင်အပြင်ဘက်တွင် ထားရှိထားကာ အချို့အား ဝတ်ပြုဆောင်အတွင်း ပိတ်လှောင်ထားပြီး နှစ်ရက်ကြာ အစားအစာနှင့် ရေမပေးဘဲ ထားခဲ့သည်ဟု မျက်မြင်များက AI သို့ ပြောသည်။

နေအိမ်မှာပဲ ဆက်နေနေသူများကိုလည်း စစ်တပ်က အနှောင့်အယှက် ပေးခဲ့သည်ဟု အစီရင်ခံစာက ဆိုပြီး ယောက်ကျားမှန်သမျှကို ဖမ်းဆီးကာ မိသားစုများ၏ တန်ဖိုးရှိ ပစ္စည်းများကို ယူငင်ကြသသည်။ ယင်းသည် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး ဥပဒေအား ချိုးဖောက်ရာ မြောက်သည်။

ပေါက်တောမြို့မှ စစ်တပ်ကို နိုဝင်ဘာ ၂၁ ရက်တွင် AA က တိုက်ထုတ်လိုက်ပြီး ဘုရားဝင်းအတွင်း ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခဲ့သည်။ ပြည်သူများ ထွက်ပြေးနေစဉ် မြို့ကို စစ်တပ်က ဆက်လက်တိုက်ခိုက်ရာ အကြီးအကျယ် မီးလောင်ကျွမ်းမှုများနှင့် အရပ်သားနေအိမ်များ၊ ဈေးများနှင့် ဘာသာရေးအဆောက်အအုံများ ပျက်စီးသည်ကို AI မှ ရရှိသည့် ကောင်းကင်ဓာတ်ပုံများတွင် တွေ့ရသည်။

၁၀၂၇ စစ်ဆင်ရေး မစခင်က AA သည် ရခိုင်၌ မခိုင်မာသည့် အပစ်ရပ်ကို သဘောတူထားခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်သည် ၂၀၁၇ နှစ်က စစ်တပ်၏ မွတ်စတင်ရိုဟင်ဂျာများကို ရက်ရက်စက်စက် တိုက်ခိုက်ခြင်းများကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရပြီး ယင်းအရေးသည် လက်ရှိ၌ နိုင်ငံတကာ တရားရုံး၌ လူမျိုးတုံး သတ်ဖြတ်မှု မြောက်မမြောက် စုံစမ်းစစ်ဆေးလျက် ရှိသည်။

(မိုးသဲ ဘာသာပြန်သည်။)