ဂါဇာ၌ လောင်စာပြတ်လပ်မှုက သေဒဏ်သဖွယ် ဖြစ်နေဟု ဆရာဝန်များ သတိပေ

ဂါဇာ၌ လောင်စာပြတ်လပ်မှုက သေဒဏ်သဖွယ် ဖြစ်နေဟု ဆရာဝန်များ သတိပေ

ဂါဇာ၌ အပစ်ရပ်စဲရန် အကူအညီပေးရေးအေဂျင်စီများက တောင်းဆိုလျက် ရှိစဉ် တချိန်တည်းမှာပင် လောင်စာ(ဆီ) အပေါ် အစ္စရေး၏ တားဆီးပိတ်ဆို့ကြောင့် ဂါဇာရှိ ခုခံနိုင်စွမ်းအားနည်းသော ကလေးငယ်များနှင့် ဆေးရုံများရှိ ဒဏ်ရာရလူနာများ မကြာမီ အသက်သေဆုံးရမည့် အလားအလာရှိနေကြောင်း ဆရာဝန်များက သတိပေးသည်။ ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်အတွင်း ဂါဇာ၌ ကလေးငယ် ၂,၀၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အေဂျင်စီတခုက ပြောသည်။

အစ္စရေးသည် ပိတ်ဆို့ခံ ဂါဇာကမ်းမြှောင်ဒေသကို ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေပြီး ဂါဇာကို ထိန်းချုပ်သည့် ဟားမတ်စ်တို့အပေါ် ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးတခု လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ယော့ဗ် ဂယ်လန့်တ်က အောက်တိုဘာ ၂၃ ရက်တွင် ပြောသည်။

အရပ်သား အများစု အပါအဝင် လူ ၁,၄၀၀ ထက်မနည်း သေဆုံးပြီး လူ ၂၀၀ ကျော် ဓားစာခံ ဖမ်းဆီးခံခဲ့ရသည့် အောက်တိုဘာ ၇ ရက် တိုက်ခိုက်ခံရမှုများအပေါ် တုံ့ပြန်လျက် ဟားမတ်စ်တို့ကို ချေမှုန်းသွားမည်ဟု အစ္စရေးခေါင်းဆောင်ပိုင်းက ပြောထားသည်။

အောက်တိုဘာ ၂၃ ရက်တွင် ဟားမတ်စ်တို့သည် အစ္စရေးနိုင်ငံသား သက်ကြီးအမျိုးသမီးနှစ်ဦးကို ပြန်လွှတ်ပေးခဲ့သည်။ ကျန်ရှိနေသည့် အဓမ္မခေါ်ဆောင်ခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန် နိုင်ငံတကာက ဟားမတ်စ်ကို တိုးမြင့်ဖိအားပေးလျက် ရှိသည်။

ဂါဇာနယ်မြေအတွင်းတွင် လုံးဝနီးပါး ပိတ်ဆို့ခံထားရကြောင့် ကမ္ဘာနှင့် အဆက်ပြတ်နေသလို အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အများအပြားကို သေကျေပြန်းတီးစေပြီး နေအိမ်များ၊ ကျောင်းများနှင့် ဗလီများ ပြိုပျက်မှုများ ဖြစ်ပေါ်ထားသည်။

ဂါဇာတွင် ကလေးငယ် တသန်းကျော် ပိတ်မိနေပြီး သွားစရာ ဘေးကင်းနေရာလည်း ရှိမနေဟု Save the Children အဖွဲ့က အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားပြီး ဂါဇာကမ်းမြှောင်တွင် မရှိမဖြစ် အလွန်အရေးပါသည့် ကျန်းမာရေး အခြေခံအဆောက်အအုံများကို လည်ပတ်ရန် လျှပ်စစ်နှင့် ဆေးဝါးများ မရှိခြင်း၏ အကြီးအကျယ် ထိခိုက်စေသော အကျိုးဆက်များနှင့်ပတ်သက်၍ သတိပေးသည်။