ကမ္ဘောဒီးယား ‘ကျွန်စခန်း’ မှ ထိုင်းနိုင်ငံသား ၉ ဦး ထွက်ပြေးလွတ်မြောက်လာ

ကမ္ဘောဒီးယားနိုင်ငံ၊ Poipet ရှိ Grand Diamond City ဟိုတယ်-ကာစီနို မီးလောင်မှုတွင် ထိုင်းကိုးဦး ထွက်ပြေးလွတ်မြောက်လာပြီးနောက် လူ၂၀၀ ခန့်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း၊ ကျန်ရစ်သူ မိသားစုသည် ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ နယ်စပ် အာရညပရာတက်တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးနှင့် ဝတ်ပြုဆုတောင်းနေသည်ကိုတွေ့ရစဉ် (Photo: AFP)

UCA News

နယ်စပ် ပိုအီပတ်မြို့ရှိ ကမ္ဘောဒီးယား ကာစီနိုတခုရှိ အွန်လိုင်းလိမ်လည်မှုစင်တာမှ ထွက်ပြေးလာကြသည့် ထိုင်းနိုင်ငံသား ကိုးဦးသည် ရရှိဒဏ်ရာများမှ သက်သာလာပြီဖြစ်ကြောင်း သိရသည်။

၎င်းတို့ ထွက်ပြေးလာရာ အဆိုပါ ပူလီကာစီနိုတွင် လူပေါင်း ၂၀၀ အနည်းဆုံး ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပြီး အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး တဦးတို့ ပါဝင်သော လွတ်မြောက်လာသူများမှာ အိပ်ယာများကို မီးရှို့ကာ ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၁၈ ရက်က စွန့်စွန့်စားစား ထွက်ပြေးလွတ်မြောက်လာသည့် ၎င်းတို့ကို စတော့အရောင်းအဝယ် သမားများအဖြစ် လစာများများဖြင့် အလုပ်ပေးမည်ဟု ဖြားယောင်းပြီး ကမ္ဘောဒီးယား နယ်စပ်သို့ ခိုးဝင်ခဲ့ခြင်း ဖြစ်ကာ ယင်းသို့ ရောက်မှ လိမ်လည်မှုလုပ်ငန်းတွင် အတင်းအကျပ် စေခိုင်းခံရမည်ကို သဘောပေါက်သွားကြခြင်း ဖြစ်သည်ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ပြောသည်။

“ဒီ ဂိုဏ်းဟာ သူတို့တွေကို ထိုင်းနိုင်ငံတွင်းက ထိုင်းပြည်သူတွေကို အွန်လိုင်းကနေ လိမ်လည်မှုတွေ လုပ်ခိုင်းပြီး ငြင်းရင် ရိုက်နှက်တာနဲ့ သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်”ဟု အစိုးရအာဘော် Khmer Times က သတင်းဖော်ပြသည်။ “ဂိုဏ်းသားတွေက ဖမ်းဆီးထားတဲ့ ထိုင်းတွေကို ပစ်သတ်တာတွေလည်း သူတို့ မြင်ခဲ့ကြရတယ်လို့ ပြောတယ်”ဟု ယင်း သတင်းက ဆိုသည်။

လွတ်လာသူ ကိုးဦးတွင် လက်များ၊ ခြေထောက်များနှင့် ခန္ဓာကိုယ်တို့၌ ရှရာပွန်းရာများ ရှိနေသကဲ့သို့ အချို့တွင် သွေးခြေဥ တည်နေခြင်းများ ရှိသည်ဟု ယင်း ဧရိယာကို ကြပ်မတ်ရသော ရိန်ဂျာတပ်ဖွဲ့ တပ်မမှူး ဗိုလ်မှူး အက်ဆာဝင် ဆောက်သွန်းက ပြောသည်။ ၎င်းတို့ကို ပြုစုကုသရန်အတွက် အာရန်ယာပရာသက်ရှိ ဆေးရုံတရုံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

လွတ်လာသူများမှ တဦးဖြစ်သည့် ဖွန်းပတ်က ၎င်းတို့၏ ဖုန်းများကို သိမ်းဆည်းထားပြီး ဝင်းခြံမှ ထွက်ခွာခွင့် မပြုကြောင်း ပြောသည်။ မှန်းထားသကဲ့သို့ လုပ်ကိုင်ပေးနိုင်ခြင်း မရှိသူများကို ကိုယ်ထိလက်ရောက် ကျူးလွန်ကြကြောင်း၊ အမျိုးသမီး အချို့ကို ပြည့်တန်ဆာအဖြစ် စေခိုင်းကြောင်း ၎င်းက ဆိုသည်။

၎င်းတို့ကို ပေကျင်းရှိ တရုတ်ဂိုဏ်းတဂိုဏ်းသို့ ရောင်းစားမည်ဆိုခြင်းအား ကြားသိလိုက်သည့်နောက် လွတ်မြောက်ရန် စီစဉ်ကြပြီး အိပ်ယာများကို မီးရှို့ခြင်း ဖြစ်သည်ဟု ဖွန်းပတ်က ပြောသည်။ ထွက်ပြေးရာတွင် ပါဝင်ခဲ့သည့် အခြားနှစ်ဦးကို လုံခြုံရေးအဖွဲ့များက ဖမ်းမိသွားခဲ့သည်။

“ကျွန်စခန်းများ” နှင့် လူကုန်ကူးမှုများသည် ကမ္ဘောဒီးယား အစိုးရ ရင်ဆိုင်နေရသည့် ပြဿနာကြီး တရပ်အဖြစ် ထွက်ပေါ်လာခဲ့ပြီး ယင်းကို လုပ်ငန်းစဉ်သစ်များဖြင့် ကိုင်တွယ်ဖြေရှင်းသွားမည်ဟု ကြေညာထားသည်။

(မိုးသဲ ဘာသာပြန်သည်။)