နယ်စပ်ကုန်သွယ်ရေးအတွက် ယာဉ်မောင်းများ ကြက်ဥတောင်တောလမ်းအသစ်ကို အသုံးပြု

YT

(မဇ္ဈိမ။) ။ ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များသည် မြဝတီ- ထို့ကော်ကိုးလမ်းအစား ကြက်ဥတောင် တောလမ်းကို ပြောင်းလဲ အသုံးပြုလာကြကြောင်း ယာဉ်မောင်းများထံက သိရသည်။

” သေ့ကတေလမ်းက အကုန်သွားလို့ရတယ်ဗျ၊ ကားအကုန်သွားကြတယ်။ အံဇာတုံးလည်းသွားတယ်၊ ခြောက်ဘီးကား ၁၀ ဘီးကား ကားမျိုးစုံ သွားကြတယ်” ဟု ယာဉ်မောင်းတဦးက ပြောသည်။

မြဝတီ- ထို့ကော်ကိုးလမ်းတွင် လမ်းပျက်စီးမှုများနှင့် ယာဉ်ပိတ်ဆို့မှုများကြောင့် ခရီးကြန့်ကြာသဖြင့် ကုန်တင်ယာဉ်နှင့် ခရီးတင်ယာဉ်မောင်းများသည် သဲပုံကျေးရွာလမ်းမှ ဝင်ရသည့် ကြက်ဥတောင်- သေ့ကတေ- ဘားအံ အထိ သွားနိုင်သည့် လမ်းကို ပြောင်းလဲ အသုံးပြုလာကြခြင်းဖြစ်သည်။

” လမ်းကတော့ ကြက်ဥတောင်တနေရာပဲ အတက်အဆင်း တချက် တော်တော်မတ်တယ်ဗျ၊ ဒါပေမယ့် ကုန်တင်ကားကြီးတွေရော ဖိုးဝှီးတွေရော ပရိုဘောက် အကုန် သွားကြတယ်။ လမ်းမတ်တော့ ကုန်အရမ်းမများရင် အဆင်ပြေပါတယ်” ဟု မြဝတီ- သထုံ- ကျိုက်ထို ယာဉ်မောင်းတဦးက မဇ္ဈိမကိုပြောသည်။

ကြက်ဥတောင်လမ်းသည်လည်း မြေသားခင်းလမ်းဖြစ်ပြီး လမ်းတလျှောက် ကရင်နယ်ခြားစောင့်တပ် (BGF)၏ လုံခြုံရေးဂိတ်များ ရှိသည်ဟု ယာဉ်မောင်းတဦးက ပြောသည်။

ကြက်ဥတောင်လမ်းတွင် အတက်၊ အဆင်းသီးသန့် သတ်မှတ်ထားခြင်း မရှိသကဲ့သို့ အချိန်ကန့်သတ်ထားခြင်းလည်း မရှိသဖြင့် သွားလာရ အဆင်ပြေကြောင်းနှင့် လမ်းတလျှောက်ရှိ ဂိတ်များမှာလည်း လမ်းကြေးပေးရသော်လည်း အများဆုံး မြန်မာငွေ ၁၀,၀၀၀ ကျပ်သာ ပေးဆောင်ရသဖြင့် အဆင်ပြေကြောင်း ဆိုသည်။

မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးပေါ်နှင့် ကော့ကရိတ်မြို့နယ်တဝိုက် ဖြစ်ပွားနေဆဲ တိုက်ပွဲများကြောင့် ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးယာဉ်များနှင့် ခရီးသည်တင်ယာဉ်များသည် အာရှလမ်းမကြီးအစား မြဝတီ- ထို့ကော်ကိုး တောလမ်းအား အသုံးပြုလာခြင်းဖြစ်ပြီး ယခုအခါ ကြက်ဥတောင်လမ်းကိုပါ အသုံးပြုကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှစ၍ ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အဓိက အသုံးပြုနေကြရသည့် မြဝတီ- ထို့ကော်ကိုးလမ်းပေါ်သို့ ခြောက်ဘီးယာဉ်မှစ၍ ၁၂ ဘီး ကုန်တင်ယာဉ်များအနေဖြင့် မနက် ၆ နာရီမှ ည ၁၂ နာရီအတွင်းသာ သွားလာခွင့်ပြုတော့ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)