မင်းတပ်မြို့နယ်၏ ၈၀ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ပြီဟု CDF – Mindat ထုတ်ပြန်

ပုံအညွှန်း - စစ်ရေးလေ့ကျင့်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုတွေ့ရစဥ် (ဓါတ်ပုံ - CDF - Mindat)

ပုံအညွှန်း – စစ်ရေးလေ့ကျင့်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များကိုတွေ့ရစဥ် (ဓါတ်ပုံ – CDF – Mindat)

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ်တွင် စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံတော်လှန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း စစ်ကောင်စီတပ်နှင့်တိုက်ပွဲပေါင်း ၂၅၂ကြိမ်ဖြစ်ပွားခဲ့သလို မြို့နယ်၏ ၈၀ရာခိုင်နှုန်းကိုထိန်းချုပ်ထားနိုင်ပြီဟု CDF – Mindat ထုတ်ပြန်သည်။

ယနေ့(ဧပြီလ ၂၄ရက်)ကျရောက်သော ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF – Mindatဖွဲ့စည်းသည့် သုံးနှစ်မြောက်နေ့တွင် သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာနမှူးဇလပ်သွေးက အွန်လိုင်းမှပြုလုပ်ခဲ့သည့်အခမ်းအနားမှတဆင့် အသိပေးပြောကြားခြင်းဖြစ်သည်။

” မင်းတပ်မြို့ပေါ်မှာပဲ စစ်ကောင်စီရှိတော့တာ။ ကျန်တဲ့နေရာအားလုံးကို ကာကွယ်ရေးနဲ့ ပအဖကထိန်းချုပ်ထားတာ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရော၊ဝန်ထမ်းတွေရော သူ ဘယ်သူမှမရှိကြတော့ဘူး” ဟု CDF – Mindat ရဲဘော်တဦးကပြောသည်။

မင်းတပ်မြို့နယ်တွင် ရပ်ကွက်လေးခု၊ တိုက်နယ်ကိုးခုနှင့် ကျေးရွာပေါင်း၅၀ကျော်ရှိပြီး စစ်ကောင်စီသည် မြို့ပေါ်ရပ်ကွက်လေးခု၌သာတပ်စွဲထားနိုင်သည်ဟု ဆိုသည်။

သုံးနှစ်တာအတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း CDF -Mindat ၏ ပထမဆုံးတပ်မဟာမှူးဆလိုင်းထန်တိတ်မာန်အပါအဝင် ချင်းကာကွယ်ရေးရဲဘော် ၆၅ဦးကျဆုံးကာ ၂၀၀ကျော် ဒဏ်ရာရရှိခဲ့သည်ဟုလည်း အသိပေးသည်။

“ကျဆုံးသွားတဲ့ အာဇာနည်ညီအကိုရဲဘော်ရဲဘက်တွေရဲ့ ပေးဆပ်မှုတွေအတွက် များစွာဂုဏ်ယူတယ်။တန်ဘိုးထားတယ်။သူတို့အသက်နဲ့ခန္ဓာပေးပြီး တိုက်ပွဲဝင်သွားတဲ့ မပြီးဆုံးသေးတဲ့ အာဏာရှင်အမြစ်ဖြတ်ရေးကို ကျန်ခဲ့တဲ့ကျနော်တို့ တွေက အဆုံးထိဆောင်ရွက်သွားပါ့မယ်ဆိုတဲ့ ကတိကဝတ်ကိုပေးချင်ပါတယ်” ဟု CDF – Mindat ကော်မတီအတွင်းရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ ဟားအွမ် က မဇ္စျိမ ကိုပြောသည်။

ထို့အပြင် သုံးနှစ်တာတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၁၀၀ကျော် သေဆုံးခဲ့ပြီး အရေအတွက်အတိအကျကို မသိရှိဟု CDF – Mindatက ဆိုသည်။

CDF – Mindatကို ၂၀၂၁ခုနှစ်ဧပြီလ ၂၄ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီးသည့်နောက် ထိုနှစ် ဇူလိုင်လတွင် မင်းတပ်မြို့နယ် မကွီအိမ်နူးစခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း၊ ဆက်လက်၍ မဟာမိတ်များနှင့်ပူးပေါင်းကာ မကွေးတိုင်း၊ ယောဒေသမှ ပြင်လယ်၊ဆည်ပေါ် စခန်းနှင့် မတူပီမြို့နယ် ထယ်ဘွေ့စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။

သုံးနှစ်တာကာလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ကလေးသူငယ်အပါအဝင်အရပ်သား ၂၀ဦးသေဆုံးပြီး ၅၆ဦး ဒဏ်ရာရကာ ခရစ်ယာန်ဘုရားကျောင်းခြောက်ဆောင် ၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းလေးဆောင်နှင့် လူနေအိမ် ၈၈လုံးပျက်စီးခဲ့သည်ဟု ဆိုသည်။ထို့အပြင် မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄)မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံ ၂၀ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကာ ကျေးရွာဆေးပေးခန်း ၊ ဘုရားကျောင်း ၊စာသင်ကျောင်းအပါအဝင် လူနေအိမ် ၂၀၀ကျော် ပျက်စီးခဲ့ကြောင်း CDF – Mindat မှတ်တမ်းများအရသိရသည်။

တော်လှန်ရေးနှင့် ပါတ်သက်သည်ဟူသော စွပ်စွဲချက်ဖြင့်ပြည်သူ ၁၀၀ ကျော်သည် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ယနေ့အချိန်ထိ ပြန်လည်မလွတ်မြောက်သေးကြောင်း CDF – Mindatက အသိပေးထားသည်။

ယခုအခါ စစ်ကောင်စီတပ်သည် မြေပြင်မှစစ်ကြောင်းမထိုးနိုင်တော့ဘဲလက်နက်ကြီးနှင့် လေကြောင်းမှသာ တိုက်ခိုက်နေကြောင်း CDF – Mindat ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“မြေပြင်မှာတိုက်ပွဲမရှိတာကြာပြီ အဲဒီတော့ ကျနော်တို့အင်အားလျော့နည်းအောင် နဲ့ ပြည်သူနဲ့ ကာကွယ်ရေးအဖွဲ့အကြား သွေးကွဲအောင် အင်းအားသုံးတိုက်ခိုက်နေတာ” ဟု ၎င်းက ဆိုသည်။

ထိန်းချုပ်ဒေသများ၌ လေကြောင်းရန်နှင့် လက်နက်ကြီးပစ်ခတ်ခံရမှုကာကွယ်နိုင်ရန် ဗုံးခိုကျင်းများတူးပေးခြင်းနှင့် လေကြောင်းရန်နှင့်လက်နက်ကြီးရန် အသိပညာ‌
ပေးလုပ်ငန်းများလုပ်ဆောင်နေသည်ဟု အသိပေးသည်။

ထို့အပြင် စစ်အာဏာရှင်ပျက်သုဥ်းရေး ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ၊ ချင်းတမျိုးသားလုံး၏ မွေးရာပါအခွင့်အရေးများအပြည့်အဝရရှိရေး ၊ အမျိုးသား တန်းတူညီမျှမှုတည်ဆောက်ရေးတို့အတွက် တိုက်ပွဲဝင်လျက်ရှိကြောင်း အသိပေးထားသည်။

ယခုအခါ CDF – Mindatရဲဘော်များသည် ချင်းညီနောင်စစ်ဆင်ရေးအမည်ဖြင့် တိုက်ခိုက်နေသည့် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ၌ မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပါဝင်တိုက်ခိုက်နေသည်။၂၀၂၄ခုနှစ်အတွင်း ချင်းညီနောင်အဖွဲ့အပါအဝင် မဟာမိတ်များနှင့်လက်တွဲကာ မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲဆက်လက်ဆင်နွဲသွားမည်ဖြစ်သဖြင့် ပြည်တွင်းပြည်ပ မှ မိဘပြည်သူများအနေဖြင့် ဆက်လက် ကူညီပံ့ပိုးပေးကြပါရန် CDF – Mindat က မေတ္တာရပ်ခံထားသည်။

စာတည်း – အေးချမ်း