ဘုန်းကြီးကျောင်းပိုင်ကားနှင့် ဆိုင်ကယ်တိုက်မိ၊ ဆိုင်ကယ်စီးလာသူသေဆုံးပြီး ကျောင်းပိုင်ကား ရေမြောင်းထဲထိုးကျ

Photo – မဟာမြိုင်လူမှုရေးအသင်း(ChanAye Rescue)

007

(မဇ္စျိမ) ။ ။ မန္တလေးမြို့တွင်၊ ယမန်နေ့ညက ဘုန်းကြီးကျောင်းပိုင်ကားနှင့် ဆိုင်ကယ်တစီး တိုက်မိမှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးလာသူအမျိုးသားတဦး သေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။

မန္တလေး မဟာအောင်မြေမြို့နယ် ၆၃ လမ်းနှင့် ၄၃ လမ်းထောင့်အနီးတွင် ယမန်နေ့ မတ်လ ၁၃ ရက်နေ့ည ၇ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ညဘက်ဖြစ်နေတာရယ်၊ နောက်တခုက လမ်းကလည်းရှင်းနေချိန်ဆိုတော့၊ ယာဥ်နှစ်စီးတိုက်မိချိန်မှာ အရှိန်ပါတယ်ထင်တယ်၊ ကားက မြောင်းဘက်ဆွဲချသွားပြီး တိုင်ကယ်ကတော့ခပ်လှမ်းလှမ်းမှာကျတယ်” ဟု မျက်မြင်တဦးက မဇ္ဈိမကို ပြောသည်။

စိုးရိမ်ဒဏ်ရာရသွားသော ဆိုင်ကယ်သမားကို လူမှုကူညီရေးအသင်းက ကားဖြင့် မန္တလေးဆေးရုံးကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့သော်လည်း ယနေ့နံနက်ပိုင်းတွင် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သောကား ကား၏ ရှေ့မှန်တွင် “မေဃဝတီကျောင်းတိုက်၊ အောင်သာယာ” ဟု ရေးသားထားသည်ကို တွေ့ရသည်။ ယာဉ်တိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

မန္တလေးတိုင်းအတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း၊ မိတ္ထီလာမြို့နယ် မိတ္ထီလာ-မလှိုင်ကားလမ်းပေါ်တွင် ဘုန်းကြီးကျောင်းပိုင်ကားနှင့် ဆိုင်ကယ်တစီးတို့တိုက်မိမှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးလာသည့်လူငယ်နှစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သေးသည်။

ထို့အပြင် ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ် စဥ့်ကူး-လက်ပံလှ ကားလမ်းဘေး လျှပ်စစ်ရုံးအနီးရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို ဘုန်းကြီးတပါးမောင်းနှင်လာသည့်ကားက ၀င်တိုက်ရာမှ ရဲတဦး သေဆုံးခဲ့သည်။

စာတည်း။ ။ နောင်နောင်