မုံရွာတွင် စစ်ကောင်စီတပ်ဖွဲ့ကို ၁ရက်တည်း ၂ ကြိမ် တိုက်ခိုက်မှု စစ်သား ၇ဦးသေဆုံးဟုဆို

ပုံအညွှန်း-BLDF ရဲဘော်များ/Photo-BLDF

လွှမ်းမိုး

မဇ္စျိမ။   ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့က တိုက်ခိုက်ခဲ့ရာ ခုနစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း မုံရွာမြို့နယ်ပကဖနှင့်ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ထံမှသိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၄ရက် နံနက် ၄ နာရီ မိနစ် ၂၀ ခန့်က မုံရွာမြို့၊ သာစည်ရဲစခန်းအနီးမှ စစ်ကောင်စီဂိတ်ကို BDLF၊ယင်းမာပင်ခရိုင် အမှတ်(၃၀)တပ်ရင်းအပါအဝင် ကာကွယ်‌ရေးအဖွဲ့ ခုနစ်ဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဟု BLDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။

“စစ်သားတွေ လမ်းပေါ်ထွက်ပြီး ဆက်ကြေးကောက်နေတဲ့ သတင်းတွေကြားလို့ နှစ်ပတ်လောက် အချိန်ယူလေ့လာပြီး ပြင်ဆင်ခဲ့ရတယ်။ ရန်သူနဲ့ အနီးဆုံးနေရာတွေမှာ ပြောက်ကျားပြင်ဆင်ပြီး ထွက်လာတဲ့ စစ်သား ၁၀ ဦးကို ကျနော်တို့ လက်ဦးမှုရယူခဲ့ပြီးပစ်ခတ်ခဲ့တယ်”ဟု ၎င်းက ပြောသည်။

ပစ်ခတ်ချိန် ၇ မိနစ်ခန့်ကြာသည့် အဆိုပါ လျှပ်တပြက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ  ဒဏ်ရာရသူများလည်းရှိခဲ့သည်ဟု
BDLF က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း ဒဏ်ရာရစစ်သားများကို စစ်ကောင်စီတပ်က လူနာတင်ယာဉ်ဖြင့် သယ်ဆောင်လာစဉ် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်ပြည်သူ့လုံခြုံရေးအဖွဲ့က ထပ်မံ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှု၌  စစ်သား ငါးဦးသေဆုံးပြီး သေနတ်သုံးလက်သိမ်းဆည်းနိုင်ခဲ့ကြောင်း မုံရွာမြို့နယ်ပကဖတာဝန်ခံကပြောသည်။

စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပေ။တိုက်ခိုက်မှုနှစ်ကြိမ်စလုံးဖြစ်ပွားခဲ့ကြောင်းကို မုံရွာမြို့ခံအချို့က အတည်ပြုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာချုပ်ဝန်းအတွင်းသို့  ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ခဲ့သည်။

စာတည်း – အေးချမ်း