ဘုတ်ပြင်းရှိ စစ်ကောင်စီစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ရာ ၁ ဦးသေဆုံး

ပုံအညွှန်း-သိမ်းဆည်းရမိသည့် လက်နက်များ။

ပုံအညွှန်း-သိမ်းဆည်းရမိသည့် လက်နက်များ။

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲ ဘန်ဂလောကျေးရွာ အနောက်ဘက်ရှိ မိုက်ကရိုဝေ့ တာဝါတိုင်တောင်ကုန်းစခန်းကို ယမန်နေ့ မတ် ၂၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တဦး သေဆုံးပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း Flying Starr Force အဖွဲ့က ယနေ့ မတ် ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်ကောင်စီရဲ့ တောင်ကုန်းစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ နီးပါး တပ်စွဲထားခြင်းဖြစ်ပြီး မတ် ၂၂ ရက်နေ့ နံနက် ၁၁ နာရီခန့် အချိန်တွင် KTLA နှင့် Flying Star Force ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ KTLA ဒုတပ်ရင်းမှူး ဗိုလ်ကီးဒို ဦးဆောင်မှုဖြင့် တက်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ဘုတ်ပြင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

“နှစ်ဖက် တိုက်ပွဲ အချိန် လေးနာရီနီးပါး ကြာခဲ့တယ်၊ အဲ့ဒီနောက် စစ်တပ်ဖက်က ထိခိုက်ဒဏ်ရာရတာများလို့ စခန်းကို စွန်ခွာထွက်ပြေးသွားတယ်၊ ကျွန်တော်တို့ အဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာ တကောင်သေတာ တွေ့ရတယ်၊ လက်နက်တွေကို သိမ်းဆည်းပြီး စခန်းကို မီးရှို့ဖျက်ဆီး ပစ်ခဲ့တယ်”ဟု ဘုတ်ပြင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေး ရဲဘော် ကိုဒေးက ပြောသည်။

နှစ်ဖက် တိုက်ပွဲ အပြီး စစ်ကောင်စီစခန်းအား နယ်မြေရှင်းလင်းရေး ပြုလုပ်ရာ လက်နက်ခဲယမ်း မြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့တွင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ စစ်ကောင်စီတပ်လက်အောက်ခံ ရဲစခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အရာရှိတဦးနှင့် ပျူစောထီးအဖွဲ့က အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့၍ ပျူစောထီးအဖွဲ့ဝင် ကိုးဦးသည်လည်း စစ်ကောင်စီက ထုတ်ပေးထားသည့် လက်နက်များကို ပြန်အပ်ကာ ထွက်ပြေးသွားခဲ့သည်။

စာတည်း – သန့်ဇော်(သန်လျင်)