သမိုင်းလမ်းဆုံရှိ စစ်ကောင်စီတပ်ဘန်ကာ ဗုံးဖြင့်တိုက်ခိုက်ခံရ

မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံရှိ စစ်ကောင်စီတပ်ဘန်ကာအဆောက်အအုံ(ပုံအဟောင်း)။ (ပုံ-လူမှုကွန်ရက်)

ရောင်နီ(မဇ္စျိမ)။ ။ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံရှိ စစ်ကောင်စီတပ်ဘန်ကာစခန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Myanmar People Revolutionary Army (MPRA)တပ်ဖွဲ့ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

သမိုင်းလမ်းဆုံအနီးရှိ စစ်ကောင်စီတပ်၏ ဘန်ကာစခန်းကို ခရစ်စမတ်နေ့အကြို ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်၊ ည ၈ နာရီ ၁၆ မိနစ်တွင် အင်အားပြင်းဗုံးသုံးကာ တိုက်ခိုက်ခဲ့ခြင်းဟုဆိုသည်။

“ ကျွန်တော်တို့ ဒီမစ်ရှင်ကိုအချိန်သုံးပတ်ကျော် ယူခဲ့တာပါ။ ပြင်းအားများတဲ့ဗုံးတစ်လုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စခ (စစ်ကောင်စီတပ်ဖွဲ့ဝင်) အထိအခိုက်အသေအပျောက်တော့ သေချာမသိရသေးပါဘူး” ဟု MPRA တပ်ဖွဲ့ တာဝန်ခံ Phoenix Lin က မဇ္စျိမကို ပြောသည်။

ယမန်နေ့ညက ပြင်းအားမြင့်ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသည့် ပေါက်ကွဲသံက်ို လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း အထိ ကြားခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

ယနေ့ နံနက်ပိုင်း ဆက်သွယ်မေးမြန်းချက်အရ ဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ကို မြေပြင်သတင်းအရ သိရကြောင်း MPRA တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

“မြေပြင်သတင်းတွေအရတော့ သုံးယောက်ထိသွားတယ်လို့ကြားတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အားလုံးဘေးကင်းပါတယ်” ဟုဆိုသည်။

ပြင်းအားမြင့်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီတပ်၏ ထိခိုက်မှု အခြေအနေကို သီးခြားအတည်ပြုချက်ရယူနိုင်ရန် မဇ္စျိမက ဆက်လက်စုံစမ်းနေသည်။

ထို့အပြင် ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက် ညပိုင်းတွင်ပင် မြောက်ဒဂုံမြို့နယ် နှင့် သာကေတမြို့နယ်များတွင် ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း ဒေသခံများက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြမှုများ ရှိခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး