ဘုတ်ပြင်းတွင် တောဆင်ရိုင်းအနင်းခံရပြီး ၁ ဦး သေဆုံး၊ ၁ဦးဒဏ်ရာရ

ဘုတ်ပြင်းမှာ ရွှေ့ပြောင်း လုပ်သား နှစ်ဦး တောဆင်ရိုင်း နင်းခံရစဉ် ပရဟိတအဖွဲ့မှ သွားရောက်ကယ်ဆယ် ဆေးရုံသို့ပို့ဆောင်နေပုံ။

ကိုရွှေမြိတ်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ဘုတ်ပြင်းမြို့နယ်တွင် ရွှေ့ပြောင်းအလုပ်သမားအမျိုးသားနှစ်ဦး တောဆင်ရိုင်း အနင်းခံရပြီး တဦးသေဆုံးခဲ့ကြောင်း ဒေသ အခြေစိုက် ပရဟိတအသင်းများထံမှသိရသည်။

ဒီဇင်ဘာ ၂၂ ရက်နေ့ ညက ဘုတ်ပြင်းမြို့နယ် ချောင်းမွန်ငါးကျေးရွာမှ ဥယျာဉ်ခြံတခုအတွင်း အလုပ်သမားတဦး တောဆင်ရိုင်းအနင်းခံရပြီး သေဆုံးခြင်းဟုသိရသည်။ သေဆုံးသူမှာ ဧရာ၀တီတိုင်း၊ မြောင်းမြမြို့နယ်၊မြင်းကကွင်းကျေးရွာမှ အသက် ၃၈ နှစ်ရှိ ကိုကျော်လွင်ဆိုသူဖြစ်ပြီး ဘုတ်ပြင်းမြို့နယ်မှ စိုက်ပျိုးရေးခြံတခြံ၌ လာရောက်အလုပ်လုပ်နေသူဖြစ်သည်။

ကိုကျော်လွင်အား ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသပေးနေစဉ် သေဆုံးခဲ့ကြောင်း ပရဟိတအသင်းတခုမှ တာဝန်ရှိသူ တဦးကပြောသည်။

“ရွှေ့ပြောင်းလုပ်သားတွေဆိုတော့ ဒေသ အခြေအနေကို မကျွမ်းတာလည်း ပါတာပေါ့။ ညဘက်ဆိုင်ကယ်နဲ့ သွားလာရင်း တောဆင်ရိုင်းနဲ့ တွေ့ပြီး နင်းခံရတာ ဖြစ်တယ်”ဟု ၎င်းကပြောသည်။

ထို့အပြင် ဒီဇင်ဘာလ ၂၄ရက်ညကလည်း ဘုတ်ပြင်းမြို့နယ်၊ပန်းဖုံချောင်းကျေးရွာမှ ရွှေ့ပြောင်းလုပ်သားကိုနေလင်းဆိုသူ သည် တောဆင်ရိုင်းအနင်းခံရပြီး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်း၌ တောနှင့်ထိစပ်နေသော ဆီအုန်းစိုက်ခင်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများရှိပြီးယင်းနေရာများသို့ တောဆင်ရိုင်းဝင်ရောက်မှုများရှိသည်။ တောဆင်ရိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို မြို့နယ်အတွင်း အထင်ကရနေရာများတွင် သတိပေးစာကပ်ထားသလို တနင်္သာရီနှင့်ကော့သောင်းပြည်ထောင်စု လမ်းမကြီးပေါ်တွင် ကြေညာထားကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီမှာက တောနယ်တွေဖြစ်တော့ ဒေသခံတွေက ဥယျာဉ်ခြံလုပ်တာများတယ်။ တောဆင်ရိုင်း အန္တရာယ်နဲ့ပတ်သက်ပြီးတော့ အရင်က ဒေသခံတွေလည်း မကြာခဏဘေးအန္တရာယ်ဖြစ်တာရှိတယ်။ နောက်ပိုင်း သွားသတိလာသတိရှိထားတော့ ဒေသခံတွေတော့ ထိခိုက်မှုလျော့ပါးသွားတယ်”ဟု ဘုတ်ပြင်းမြို့ခံတဦးက ပြောသည်။

ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း တောဆင်ရိုင်းနင်းခံရပြီး အမျိုးသားနှစ်ဦး သေဆုံးပြီး တဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

စာတည်း – အေးချမ်း