သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်အဖြစ် ခန့်အပ်

Reuters

မြန်မာနိုင်ငံသည် ပဋိပက္ခများ ထပ်မံရင်ဆိုင်ကြုံတွေ့နေရချိန်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့အား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၅ ရက်တွင် ပြောသည်။

၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဘစ်ရှော့သည် ယမန်နှစ် ဇွန်လက ရာထူးမှနုတ်ထွက်ခဲ့သော စင်ကာပူနိုင်ငံသူ ကုလသမဂ္ဂအထူးသံတမန် နော်လင်းဟေဇာ နေရာတွင် အစားထိုးတာဝန်ပေးခံရခြင်းဖြစ်သည်။

စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရထံမှ အာဏာလုယူပြီးချိန်မှစ၍ မြန်မာနိုင်ငံသည် အကျပ်အတည်းဆိုက်နေသည်။

စစ်တပ်သည် ၁၉၆၂ ခုနှစ်တွင် စတင်အာဏာရယူပြီးနောက်ပိုင်း အကြီးမားဆုံးစိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကာ နိုင်ငံ၏ နေရာအနှံ့အပြားရှိ အုံကြွမှုများကို ထိန်းချုပ်ရန်နှင့် အာဏာသိမ်းပြီးနောက်ပိုင်း ဆုတ်ယုတ်သွားသော စီးပွားရေးကို တည်ငြိမ်စေရန် ဘက်ပေါင်းစုံ၌ တိုက်ပွဲဝင်နေရသည်။

မြန်မာနိုင်ငံသည် စစ်တပ်နှင့် လူနည်းစုတိုင်းရင်းသားလက်နက်ကိုင်များနှင့်စစ်အာဏာသိမ်းမှုအားဆန့်ကျင်မှုကို အကြမ်းဖက်နှိမ်နင်းသဖြင့်ပေါ်ပေါက်လာသော လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုမဟာမိတ်အဖွဲ့တို့အကြား ပဋိပက္ခကြောင့် ပြည်တွင်းစစ်အကျပ်အတည်းတွင် ပိတ်မိလျက်ရှိသည်။