ထားဝယ်တွင် စစ်ကောင်စီဖမ်းသွားသူများအနက် ကလေးငယ်၁ဦး သေဆုံး၊ ၉ဦးထက်မနည်း ဖမ်းဆီးခံထားရ

စစ်ကောင်စီက ဖမ်းဆီးခဲ့သူ ၂ ဦး

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ထားဝယ်မြို့ အရှေ့တောဒေသတွင် စစ်ကောင်စီက လူသားဒိုင်းအနေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသူများအနက်ကလေးငယ်တဦးသေဆုံးသွားပြီး အမျိုးသမီးတဦး အပါအဝင် ဒေသခံကိုးဦးကို စစ်ကောင်စီကဖမ်းဆီးထားဆဲဖြစ်ကြောင်းတော်လှန်ရေးအင်အားစုများကပြောသည်။

အရှေ့တောဒေသ၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေစဉ် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသူများအနက် အသက်၁၂နှစ်အရွယ် ယောင်္ကျားလေး ကလေးငယ်တဦး၏ ရုပ်အလောင်းကို မတ်လ ၁၆ရက်တွင် တွေ့ရှိခဲ့ခြင်းဟုလည်း စစ်ဘေးရှောင်များအားကူညီနေသူတဦးကပြောသည်။

၎င်းက ” ကျွန်တော်တို့ သိရသလောက်က ကိုးဦးလောက် ဖမ်းခံထားရတာ ရှိတယ်။ ဒီထက်လည်း ပိုများနိုင်တယ်။ ဖမ်းခံရတဲ့ သူတွေလည်း အခုချိန် အထိ ပြန်လွတ်လာတာ မရှိသေးဘူး။ ဒါကလည်း နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှသိရတာဖြစ်တယ်”ဟုပြောသည်။

ကလေးငယ်၏ ရုပ်အလောင်းကို တိုက်ပွဲအပြီး နယ်မြေရှင်းလင်း‌ရေးလုပ်စဉ် တွေ့ရှိရခြင်းဖြစ်ပြီး စစ်ကောင်စီပစ်သည့် လက်နက်ကြီးထိမှန်သေဆုံးခြင်းဟု ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

စစ်ကောင်စီက လက်ရှိဖမ်းဆီးထားသူများမှာ ထားဝယ် အရှေ့တောဒေသ-ထီးခီး လမ်းပိုင်းရှိ ၀ကုန်းရွာမှ နှစ်ဦး၊ စျေးသည် နှစ်ဦး၊ မေတ္တာမြို့၊ကလစ်ကြီးရွာအနီးမှ ချောင်းထဲတွင် ငါးရှာနေသည့် စစ်ရှောင်လေးဦးနှင့် အခြားတဦး စုစုပေါင်းကိုးဦး ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ တော်လှန်ရေးအင်အားစုများက တိုက်ခိုက်မည်ကိုစိုးရိမ်၍ အရပ်သားများကို လူသားဒိုင်းအနေဖြင့် စစ်ကောင်စီကဖမ်းဆီးထားခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

လက်ရှိ ထားဝယ်-ထီးခီးလမ်းပိုင်းမှ တိုက်ပွဲများနှင့် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရွာ ငါးရွာမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရပြီး စားရေးသောက်ရေးအခက်အခဲများကြုံတွေ့နေကြသည်။

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်၍ စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။စစ်ကောင်စီကတိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များအသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

ထားဝယ်-ထီးခီးလမ်းပိုင်းမှဝကုန်းရွာနှင့် ကျောက်မဲတောင်ရွာကြားတွင် ဖေဖော်ဝါရီလ ၂၁ရက်က စစ်ကား ၁၇ စီးပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ
ကားခြောက်စီး ပျက်စီးပြီး ၂၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊မတ်လ ၂ ရက်က ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီးမှ စစ်ကောင်စီစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ ၁၁ ဦး သေဆုံးပြီး လက်နက်ခဲယမ်းအများအပြားရရှိကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ခဲ့သည်။

တနင်္သာရီတိုင်းရှိ တော်လှန်ရေးတပ်ပေါင်းစုများသည်စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းတောင်ပိုင်းစစ်ဒေသက ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း သတင်းထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း